DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေး 
DVB
·
December 23, 2025
မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေး 
Donate to DVB

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နယူးယောက် စံတော်ချိန်  ဒီဇင်ဘာ ၂၂ ရက် မနက် ၁၀ နာရီက  တံခါးပိတ်အစည်းအဝေးတရပ် ကျင်းပခဲ့တယ်လို့  ကုလသမဂ္ဂက ထုတ်ပြန် ပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ပ်နဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တန်သီရိ အော့စမန်ဟာရှင်တို့က မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို ရှင်းလင်းတင်ပြကြတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးကျင်းပဖို့ မြန်မာ့အရေးကို အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့က တောင်းဆိုခဲ့ကြတာဖြစ်ပြီး တံခါးပိတ်အစည်းအဝေးဖြစ်လို့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အသေးစိတ် ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ကုလသမဂ္ဂဆိုင်ရာ ယူကေသံအမတ် ဂျိမ်းစ်ကာရီယူကီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေကို ပိုဆိုးစေနိုင်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ကို ပိုခက်ခဲစေနိုင်တယ်လို့ ဒီဇင်ဘာ ၂၂ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

အဓိပ္ပာယ်ပြည့်ဝတဲ့ ရွေးကောက်ပွဲတခု ဖြစ်မြောက်ဖို့အတွက် အကြမ်းဖက်မှုတွေ ရပ်တန့်ရမှာဖြစ်ပြီး သက်ဆိုင်သူအားလုံးကြား ဆွေးနွေးမှုတွေ လိုအပ်တယ်လို့လည်း ယူကေနိုင်ငံက ရှင်းလင်းစွာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ယူဆနိုင်တဲ့ အရိပ်အယောင် မရှိဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပြီး အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကလည်း  မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားလာနေတဲ့ အခြေအနေကို အသေးစိတ်ဖော်ပြထားတဲ့ စာတစောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ဒီဇင်ဘာ ၂၂ ရက်က ပေးပို့ခဲ့ပါတယ်။

မြန်မာသံအမတ်ကြီးရဲ့ စာထဲမှာတော့ လတ်တလော မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေကို အသေးစိတ် ထည့်သွင်းဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ ဆေးဝါးကုသခွင့်မရရှိဘဲ သေဆုံးနေမှု၊ ထောင်ကနေ ပြန်လွှတ်ပေးပြီး အကျဉ်းထောင်ဂိတ်မှာပဲ ချက်ချင်းပြန်လည်ဖမ်းဆီးနေမှုတွေကိုလည်း ဖော်ပြထားပြီး စစ်ကောင်စီထံ လက်နက်၊ ဂျက်လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှု အပါအဝင် အထောက်အပံ့အားလုံးကို ဖြတ်တောက်ဖို့ နိုင်ငံတကာကို သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။

စစ်အာဏာသိမ်း ၅၈ လကျော်ကာလအတွင်း စစ်ကောင်စီရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရပ်သား ၇,၆၂၅ ယောက် သေဆုံးခဲ့ပြီး ၃၀,၀၀၀ ကျော် ဖမ်းဆီး၊ ထိန်းသိမ်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရတယ်၊ မြန်မာပြည်သူ ၃ ဒသမ ၆ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို နိုင်ငံတွင်း လူဦးရေရဲ့ ထက်ဝက်ခန့်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေပြီး လူပေါင်း ၂၂ သန်းနီးပါးမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အရေးတကြီး လိုအပ်နေတယ်လို့ သံအမတ်ကြီးရဲ့စာမှာ ပါရှိပါတယ်။

အခုတကြိမ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကျင်းပတဲ့ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးဟာ  ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းပြီး  ၅ နှစ်နီးပါးအကြာမှာ ကျင်းပတာဖြစ်သလို လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ၃ နှစ်အကြာမှာ ပြုလုပ်တဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတွေရဲ့ မဲဆန္ဒကို လေးစားလိုက်နာဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပေမဲ့  အာဏာသိမ်းစစ်တပ်က အခုအချိန်အထိ အကောင်အထည်ဖော် လုပ်ဆောင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013