DVB Logo
Home
မြန်မာသတင်း
လေကြောင်းရန်ကြောင့် ကရင်နီပြည်သူများ ခရစ္စမတ်နှင့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ မလုပ်လို
DVB
·
December 22, 2025
လေကြောင်းရန်ကြောင့် ကရင်နီပြည်သူများ ခရစ္စမတ်နှင့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ မလုပ်လို
Donate to DVB

စစ်ကောင်စီတပ်က လူစုလူဝေးတွေရှိတဲ့ နေရာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်လေ့ရှိလို့ ကရင်နီပြည်နယ်မှာ နှစ်သစ်ကူးကာလကို အရေးကြီးကာလလို့ သတ်မှတ်ထားပြီး ပြည်သူတွေအနေနဲ့လည်း ခရစ္စမတ်ကာလ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ချင်ဘူးလို့ ဆိုပါတယ်။

နှစ်သစ်ကူးကာလဖြစ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ဇန်နဝါရီ ၅ ရက်အထိ ကရင်နီပြည်နယ်ကို အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် (KA) က ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

ခရစ္စမတ်အချိန် နှစ်သစ်ကူးကာလကို လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာ၊ နေထိုင်သွားလာတာ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်တာတွေ မပြုလုပ်ကြဖို့ အသိပေးထားတာပါ။

စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အားနည်းချက်ကို ယူပြီး ၁၉၈၅ ခုနှစ်ကနေ ခုလက်ရှိအချိန်အထိ သတ်ဖြတ်မှုတွေ၊ ရာဇဝတ်မှုတွေ၊ ယုတ်မာမှုတွေကို ပြုလုပ်လေ့ရှိတာကြောင့် ကရင်နီပြည်သူလူထု၊ ကရင်နီတပ်ပေါင်းစုံ တပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှုအဖွဲ့အစည်းတွေ သိစေဖို့ အရေးကြီးကာလအဖြစ် သတ်မှတ်တာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လူစိတ်မရှိတဲ့အတွက် ပြည်သူတွေနေထိုင်တဲ့ နေအိမ်တွေနဲ့ ဘုရားဝတ်ပြု ဆုတောင်းတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ရှိတဲ့အတွက် နေထိုင်ရာ နေရာမှာပဲ ဘုရားဝတ်ပြုဖို့ ကရင်နီပြည်တပ်မတော် (KA) တာဝန်ရှိသူက ပြောပါတယ်။

KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “သူတို့က လူစိတ်မရှိဘူးဆိုတာ အားလုံးပဲ နားလည်မယ်လို့ ထင်ပါတယ်။ လူထုဘက်ကို ကြည့်ပြီးမှ ပစ်မှတ်ထားပါတယ်။ လူစုလူဝေးတွေကို ပစ်မှတ်ထား တိုက်ခိုက်တတ်ပါတယ်။ ကျနော်တို့ ခရစ်ယာန်တွေက Sunday ဘုရားကျောင်းတက်တာလည်း ရှိတယ်လေ။ အခုထုတ်ရတာက နှစ်သစ်ကူးကာလမှာ လူထုနစ်နာမှာ ကြောက်လို့ပဲ ထုတ်တယ်လို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ခရစ္စမတ်အချိန်မှာ စစ်တပ်က မူဆိုကျေးရွာကို စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ အယောက် ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

အာဏာမသိမ်းခင်ကတော့ ခရစ္စမတ်ကာလမှာ ဝတ်ပြုပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို စည်စည်ကားကား ကျင်းပလေ့ရှိတယ်လို့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေက ဆိုပါတယ်။

စစ်ရှောင်ပြီး နောက်ပိုင်းမှာတော့ စစ်ရှောင်စခန်းတွေမှာ ခရစ္စမတ်ကို ညပိုင်းမှာ မီးစာတတ်တာနဲ့ ဝတ်ပြုတာတွေကိုသာ အကျဉ်းရုံး လုပ်ဖြစ်တော့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလို အကျဉ်းရုံးလုပ်တာတောင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အတွက် အန္တရာယ်ရှိတဲ့အချိန်ဖြစ်လို့ ဒီနှစ် ခရစ္စမတ်မှာတော့ ဘာမှ မလုပ်ဖြစ်တော့ဘူးလို့ ဖရူဆို စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“ပုံမှန်ဆိုရင် ခရစ္စမတ်ဆိုရင် ညသန်းခေါင်မှပဲ မီးစားတွေ လုပ်ဖြစ်တာများတယ်။ စစ်ရှောင်ပြီး နောက်ပိုင်းတော့ စောစောလုပ်လိုက်ရတာတွေ ရှိတယ်။ ဒီနှစ် ခရစ္စမတ်မှာလည်း ဘာမှမလုပ်ဘူး။ တခုခု လုပ်ကြမယ်လို့လည်း ပြောသံတွေမကြားဘူး။ ဒီတိုင်း ဘုရားကျောင်းတက်ဖို့ပဲ ရှိမယ်။ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ ထုတ်ပြန်တာကိုလည်း လက်ခံနိုင်တယ်၊ လက်ခံပေးရမယ်။ အန္တရာယ်အရှိဆုံး အချိန်ဆိုလည်း မမှားဘူးပေါ့လေ။ အဲဒါကြောင့် ကျမတို့ လက်ခံတယ်၊ ဒီသဘောထားကို။”

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာ မပြုလုပ်ဖို့ ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013