
ထောင်ဒဏ်ကျခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က ကျန်ရှိ ထောင်ဒဏ် သက်တမ်းကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲကျခံခွင့်ပေးဖို့ လျှောက်ထားမှုကို ကွာလာလမ်ပူ တရားရုံးက ဒီဇင်ဘာ ၂၂ ရက်မှာ ပယ်ချလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် အသက် ၇၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းဟာ ဆီလန်ဂေါက ကာဂျန်ထောင်မှာ ကျန်ရှိ ထောင်ဒဏ်ကို ဆက်လက်ကျခံရမှာဖြစ်ပြီး တရားခံဘက်ကတော့ အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
နာဂျစ်ဟာ ယုံကြည်အပ်နှံခြင်းကို ဖောက်ဖျက်ကျူးလွန်မှု စွဲချက် ၃ ခု၊ ငွေကြေးခဝါချမှုစွဲချက် ၃ ခု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တခုနဲ့ အပြစ်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ဟိုက်ကုတ်တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေ မလေးရှား ရင်းဂစ်ငွေ သန်း ၂၁၀ ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်ဩဂုတ်လမှာ ထောင်ဒဏ်စတင်ကျခံနေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မလေးရှားဘုရင် ဆူလ်တန် အဗ္ဗဒူလာ ရီအာယာတူဒင် အယ်လ်မူစတာဖာ ဘီလာရှား ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ရာထူးက အနားမယူမီ နာဂျစ်ရဲ့ ထောင်ဒဏ်ကို ၆ နှစ်၊ ဒဏ်ကြေးကို ရင်းဂစ် သန်း ၅၀ အထိ လျှော့ပေါ့ပေးခဲ့ပါတယ်။
မလေးရှားရဲ့ စော်ဘွားအိမ်တော် ၉ ခု အလှည့်ကျဘုရင်စနစ်အရ ဘုရင်သက်တမ်းကို ၅ နှစ်စီ အလှည့်ကျထမ်းဆောင်ရတာ ဖြစ်ပါတယ်။
အဲဒီလို လျှော့ပေးကြောင်းကိုတော့ ၂၀၂၄ ဖေဖော်ဝါရီ ၂ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့က ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒါပေမဲ့ တော်ဝင်ဖြည့်စွက်အမိန့်နဲ့ ကျန်ရှိထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ်အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
တရားရုံးကတော့ ဘုရင်မှာ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပေးနိုင်ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့ အစည်အးဝေးမှာ ထည့်သွင်းသုံးသပ်ခဲ့တာ မဟုတ်ဘဲ နောင်မှ သီးခြားထပ်ထုတ်တာဖြစ်တဲ့အတွက် အကျုံးမဝင်ဘူးလို့ တရားရုံးက ဆုံးဖြတ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ 1MDB အရှုပ်တော်ပုံနဲ့ ဆက်နွှယ်နေတဲ့ နောက်ထပ် အမှုတွေအတွက်လည်း ဒီဇင်ဘာ ၂၆ ရက်မှာ စီရင်ချက် ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။
Source: Reuters










