
စပိန်တော်ဝင်မင်းသမီး လီယိုနောဟာ နိုင်ငံအရှေ့တောင်ပိုင်းရှိ မူးသီယတက္ကသိုလ်မြို့ရှိ ဆန်ဟာဗီယား အခြေစိုက်စခန်းမှာ စစ်သင်တန်း လေ့ကျင့်ရေးအတွင်းမှာ သူ့ရဲ့ ပထမဆုံး တကိုယ်တော် လေယာဉ်ပျံသန်းမှု ပြုလုပ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတခုမှာ အသက် ၂၀ အရွယ် မင်းသမီးဟာ ပီလားတပ်စ် PC-21 လေယာဉ်ပေါ်ကို တက်ရောက်ပြီးတော့ လေယာဉ်ကို မောင်းနှင်ပြခဲ့ပါတယ်။
မင်းသမီး လီယိုနောဟာ သူ့ရဲ့နည်းပြနဲ့ လေယာဉ်မောင်းလေ့ကျင့်ရေးစက်တို့နဲ့အတူ ၄ လကြာ လေ့ကျင့်မှုကို အပြီးသတ်ခဲ့ကြောင်း စပိန် တော်ဝင်မိသားစုအိမ်တော်မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မင်းသမီးဟာ ဇာရာဂိုဇာရှိ စစ်တက္ကသိုလ်မှာ တနှစ်ကြာ ပညာသင်ကြားပြီးနောက် ရေတပ်ကျောင်းကိုလည်း တက်ရောက်ခဲ့ကာ စပိန်ရေတပ် လေ့ကျင့်ရေးအတွက် အသုံးပြုတဲ့ လေးတိုင်ပါ ရွက်လှေ ဟွမ်န်ဆီဘတ်စတီယန် ဒယ်အယ်လ်ကာနိုကို မောင်းနှင်ခဲ့ပါသေးတယ်။
အဲဒီနောက်မှာ လေတပ်အကယ်ဒမီကျောင်းမှာ ပညာသင်ကြားမှုကို ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ မင်းသမီး လီယိုနောဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက သူ့ဖခင်ရဲ့ခြေရာအတိုင်း လိုက်လျှောက်အပြီးမှာ အလွန်ပြင်းထန်တဲ့ စစ်သင်တန်းလေ့ကျင့်မှုကို သူ့ရဲ့တက္ကသိုလ်ပညာရေး မတိုင်ခင်မှာ လုပ်ဆောင်မှာဖြစ်ကြောင်းကို အစိုးရနဲ့ တော်ဝင်အိမ်တော်တို့ သဘောတူညီထားပါတယ်။
Source: Reuters











