DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၊ တိုင်းရင်းသားကျေးရွာတွင် ကရင်နှစ်သစ်ကူးပွဲ ကျင်းပ 
DVB
·
December 20, 2025
ရန်ကုန်၊ တိုင်းရင်းသားကျေးရွာတွင် ကရင်နှစ်သစ်ကူးပွဲ ကျင်းပ 
1 / 10
Donate to DVB

ရန်ကုန်မြို့၊ တိုင်းရင်းသားကျေးရွာမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ကျင်းပတဲ့ ၈၈ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့မှာ ရှေးဟောင်း ကရင်ရိုးရာ ညီညွတ်ရေးသီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ကြပြီး ရိုးရာ အားကစားနည်းတွေကိုလည်း ကျင်းပခဲ့ကြပါတယ်။

တိုင်းရင်းသားကျေးရွာ၊ ပြည်ထောင်စုခန်းမမှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာ မျိုးဆက်ပြတ်လုနီးဖြစ်နေတဲ့ ရှေးကရင်ရိုးရာ အိုးစည်ကပွဲ၊ ကရင်ရိုးရာစောင်းကောက်နဲ့ သီဆိုတဲ့ ညီညွတ်ရေးတေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဒီသီချင်းကို ပဲခူးရိုးမပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ဌာနေရှေးကရင်လူမျိုးတွေက သီဆိုကာ လင်းကွင်း၊ မောင်း၊ ဖားစည်၊ အိုးစည်၊ ပဒိုး၊ စောင်းစတဲ့ တူရိယာ ၆ မျိုးနဲ့ တီးခတ်ဖျော်ဖြေခဲ့ပါတယ်။

ပဲခူးရိုးမဌာနေ ရှေးကရင်လူမျိုးယဥ်ကျေးမှုအဖွဲ့ခေါင်းဆောင်က “ညီညွတ်ခြင်းစည်းလုံးခြင်းနဲ့ မျှော်လင့်ခြင်းနဲ့အရတော့ ဦးလေးတို့ နားလည်သလောက်ပြောရမယ် ဆိုရင်တော့ နောက်လာမဲ့ လူငယ်၊ လူရွယ်လေးတွေ အနာဂတ်အတွက်ပေါ့လေ။ တို့လူကြီးတွေလည်း ဒီအနာဂတ်အတွက်ကို စည်းလုံးညီညွတ်တာကို မြင်စေ့ချင်တယ်။ အားလုံး တိုးတက်တာကို မြင်စေ့ချင်တယ်။ ပြီးတော့လည်း ပညာရေးသော်လည်းကောင်း၊ စီးပွားရေးသော်လည်းကောင်း လုပ်ငန်းရေးသော်လည်းကောင်း အကုန်လုံးပေါ့ဗျာ။ အထွေထွေ အကုန်လုံး ဒါ ဘယ်လိုပြောမလဲ၊ ဒီနိုင်ငံရေးအတွက်ပေါ့၊ နိုင်ငံအတွက်ကို တိုးတက်စေချင်တယ်။ မြင်စေ့ချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆို တို့တွေက အသက်ကြီးတဲ့အခါကျတော့ မျှော်လင့်ချက်တခုနဲ့ ကျော်လွှားတွေ့လာကြတော့ စည်းလုံးခြင်းတွေ့ရတဲ့အခါ ပိုပြီးတော့ စိတ်ချမ်းသာရတယ်”လို့ ပြောပါတယ်။

ကရင်ရိုးရာနှစ်သစ်ကူးနေ့မှာ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲနဲ့ လက်မောင်းလှဲပွဲတွေကိုလည်း အမျိုးသား၊ အမျိုးသမီးအစုံ အလင်ပါဝင်ဆင်နွှဲကြပြီး ရန်ကုန်မြို့နေ ကရင်လူမျိုးအများအပြား လာရောက်ကြပါတယ်။

ဒီနှစ်သစ်ကူးပွဲတော်ကို လာရောက်တဲ့ ကရင်လူငယ်တယောက်ကတော့ ကရင်ရိုးရာကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့အတွက် ဆန္ဒပြုခဲ့ပါတယ်။

“နောင်နှစ်၊ နောင်နှစ်တွေအထိ သမီးတို့ရဲ့ ရိုးရာကို ဆက်လက်ပြီးတော့ ထိန်းသိမ်းပြီးတော့ အများကြီး ဖန်တီးနိုင်ပါစေပေါ့။”

ဒီပွဲမှာ ကရင်ရိုးရာချည်ထည်တွေ၊ ရိုးရာဝတ်စုံတွေနဲ့ အသုံးအဆောင်တွေကိုလည်း ရောင်းချခဲ့ကြပါတယ်။

ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ်သတ်မှတ်ခဲ့ကြပြီး ၁၉၃၈ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့ ကတည်းက  စတင်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

၈၈ နှစ်မြောက်ကရင်နှစ်သစ်ကူးနေ့ကတော့ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျင်းပခဲ့ကြတဲ့ ကရင်နှစ်သစ်ကူးနေ့တွေထဲမှာ နေရာအနှံ့အပြားမှာ စည်စည်ကားကား ပြန်လည်ကျင်းပခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၇၆၅ ခုနှစ်ကတည်းက  မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ရောက်ရှိနေထိုင်ခဲ့ကြတာဖြစ်လို့ ကရင်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်တို့မှာလည်း ကရင်လူမျိုးအများအပြားကိုတွေ့ရှိနိုင်သလို ကမ္ဘာအနှံ့မှာလည်း ကရင်လူမျိုးအများအပြား အခြေချနေထိုင်နေကြပါတယ်။

ဒီနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ရှိရာ ဘားအံခရိုင်နဲ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်မြို့သစ်နဲ့ ဆုံစည်းမြိုင်မြို့သစ်တို့အပြင် ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့မှာလည်း ကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013