DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၊ သန်းကုန်းတောတိုက် ဗုံးထပ်ကြဲခံရ၊ လူ ၃ ဦးဒဏ်ရာရပြီး အိမ်များ မီးလောင်
DVB
·
December 20, 2025
ဝက်လက်မြို့နယ်၊ သန်းကုန်းတောတိုက် ဗုံးထပ်ကြဲခံရ၊ လူ ၃ ဦးဒဏ်ရာရပြီး အိမ်များ မီးလောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဗုံးကြဲခံရလို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့တဲ့နေရာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာ ထပ်ပြီးဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ယောက် ဒဏ်ရာရပြီး လူနေအိမ်တွေလည်း မီးလောင် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ပြီးခဲ့တဲ့ ၁၃ ရက်နေ့ကမှ ဗုံးကြဲခံရလို့ လူ ၅ ယောက် သေဆုံးသွားခဲ့တဲ့ ထုံးဘိုရွာနားက သန်းကုန်းတောတိုက်ထဲကိုပဲ ထပ်ကြဲခံရတာဗျ။ လောလောဆယ်တော့ သေဆုံးတာ မရှိပေမဲ့ ဒဏ်ရာရတဲ့ပြည်သူ ၃ ယောက်ရှိတယ်။ စိုးရိမ်ရတဲ့သူ ၁ ယောက်ပါတယ်ဗျ” လို့ ပြောပါတယ်။

အခု ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အသက် ၃၀ အရွယ် ကိုစောထွန်း၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုးအောင်၊ အသက် ၅၀ အရွယ် ဒေါ်နီ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေး က “အခု ဒုတိယအကြိမ် ထပ်ကြဲသွားတဲ့ ဂျက်ဖိုက်တာက တံတားဦးက တက်လာတာဖြစ်ပြီး ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ထပ်ကြဲသွားတာပါ။ အဲဒီနေရာမှာ တိုက်ပွဲဖြစ်နေတာလည်း မရှိသလို PDF စခန်းလည်းမရှိပါဘူး” လို့ DVB ကို​ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲမလုပ်ဖြစ်တဲ့ ဝက်လက်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေသလို အင်အားအလုံးအရင်းနဲ့လည်း မြေပြင်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေအနေနဲ့လည်း သတိနဲ့သွားလာနေထိုင်ကြဖို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်က ​ဝက်လက်မြို့နယ် အ‌ရှေ့မြောက်ဘက်ခြမ်း ၁၅ မိုင်လောက်ဝေးတဲ့ ထုံးဘိုကျေးရွာအနီးက သန်းကုန်းတောတိုက်ထဲကို တံတားဦး လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၄ နှစ်အရွယ် မအေးမြတ်သူဇာ အပါအဝင် အသက် ၇၀ အရွယ် ဦးခင်မောင်လွင်၊ အသက် ၃၅ နှစ်အရွယ် မသူဇာနွယ်၊  အသက် ၂၆ နှစ်အရွယ် ကိုတွတ်ပီ နဲ့ အသက် ၄၀ အရွယ် ဒေါ်နှင်းမြ တို့ သေဆုံးခဲ့ကြရပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013