
ကနေဒါနိုင်ငံသား အသက် ၁၉ နှစ်အရွယ် အိုလစ်ဗီရီယူးဟာ ကောလိပ် ဘတ်စကက်ဘော သမိုင်းတလျှောက် အမှတ်ရအောင် သွင်းယူနိုင်ခဲ့တဲ့ အရပ်အရှည်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
ရီယူးဟာ အရပ် ၇ ပေ ၉ လက်မအထိ မြင့်မားပြီး ကောလိပ်အဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ကစားနေသူလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လအတွင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရပြီးနောက် အဲဒီဆယ်ကျော်သက် ကစားသမားဟာ ကောလိပ် ဘတ်စကက်ဘောပြိုင်ပွဲရဲ့ အရပ်အမြင့်ဆုံးသူ ဖြစ်လာခဲ့ပြန်ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ၇ ပေ ၅ လက်မသာ မြင့်သေးတဲ့ ရီယူးကို ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းမှာ ဖော်ပြခဲ့ဖူးပါတယ်။
အဲဒီနောက် ဘတ်စကက်ဘော အားကစားနည်းရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ NBA အထိ ရီယူးအနေနဲ့ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် လက်ရှိ ကစားသမားအားလုံးထက် အရပ်ပိုပြီးရှည်နေဦးမှာ ဖြစ်ပါတယ်။
လောလောဆယ် NBA ရဲ့ အရပ်အမြင့်ဆုံး ကစားသမားဟာ အသက် ၂၁ နှစ်အရွယ် ဗစ်တာ ၀မ်ဘန်ယားမား ပဲဖြစ်ပါတယ်။ ဒီနာမည်ကြီး ပြင်သစ်ကစားသမားဟာ San Antonio Spurs အသင်းကဖြစ်သလို သူ့အရပ်ကိုလည်း ၇ ပေ ၄ လက်မ အဖြစ် အတည်ပြုထားပါတယ်။
NBA သမိုင်းတလျှောက် အရပ်အမြင့်ဆုံး ကစားသမားတွေဆိုရင်တော့ ၇ ပေ ၇ လက်မစီ ရှိကြတဲ့ မနုတ်ဘိုးလ် နဲ့ ဂျော့ချ်မူရေရှန်ပဲ ဖြစ်ပါတယ်။
ဆူဒန်-အမေရိကန် နှစ်နိုင်ငံသား ခံယူထားသူ ဘိုးလ်ဟာ ၁၉၈၅ နဲ့ ၁၉၉၇ ကာလအတွင်း ကျော်ကြားခဲ့သူဖြစ်ပြီး ၁၉၉၁ ကနေ ၂၀၀၁ ခုနှစ်အထိ ကစားခဲ့တဲ့ မူရေဆန်ကိုတော့ “လူထွားကြီး” အဖြစ် သိထားကြပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်အရ ၂၀၁၃ ခုနှစ်တုန်းက တရုတ်ပြည်မှာကစားနေတဲ့ ဆွန်မင်းမင်းကို ၇ ပေ ၈ ဒသမ ၉၈ လက်မနဲ့ သမိုင်းတလျှောက် အရပ်အရှည်ဆုံး ဘတ်စကက်ဘော ကစားသမားအဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။
ဒါကြောင့် ရီယူးဟာ ဆွန်ထက် အနည်းငယ်ပိုပြီး အရပ်မြင့်တဲ့အလျောက် NBA မှာရော၊ ကမ္ဘာအဆင့်မှာပါ စံချိန်ထပ်တင်နိုင်ခြေ ရှိလို့ နေပါတယ်။
Source: Reuters










