
ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ ခိုးရာပါ ဖိုင်ဘာစက်လှေတွေကို အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲဖြစ်တဲ့ (DLEPS) အဖွဲ့က ပိုင်ရှင်မှန်တွေ လက်ထဲကို ဒီဇင်ဘာ ၁၈ ရက်က လွှဲပြောင်းပေးခဲ့တယ်လို့ DLEPS နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြေပုံမြို့နယ်မှာ DLEPS အဖွဲ့က ဖမ်းဆီးရမိထားတဲ့ ခိုးရာပါ စက်လှေတွေကို သေချာစိစစ်ပြီး ပိုင်ရှိဖြစ်သူတွေကို ဆက်သွယ်ကာ အခမ်းအနားကတဆင့် လွှဲပြောင်းပေးလိုက်တာလို့ DLEPS နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“ပျောက်ဆုံးပြီး တိုင်ကြားခံထားရတဲ့ စက်လှေတွေနဲ့ သူခိုးတွေဆီက ဖမ်းဆီးရမိထားတဲ့ စက်လှေတွေကို ပိုင်ရှင်တွေလက်ထဲကို အပ်နှံမှုပြုလုပ်ခဲ့တာ ဖြစ်တယ်။ အခုလွှဲပြောင်းပေးမှုမှာတော့ ဖိုင်ဘာစက်လှေ ၁၀ စင်းကို ပိုင်ရှင်တွေဆီကို လွှဲပြောင်းပေးနိုင်ခဲ့တယ်။ နောက်ထပ် တိုင်ကြားထားတဲ့ အမှုတွေကိုလည်း စိစစ်ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်။”
DLEPS တပ်ဖွဲ့ဟာ ရခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးကို အဓိက လုပ်ဆောင်နေကြတာဖြစ်ပြီး မူးယစ်ဆေးဝါးမှုတွေ၊ ခိုးဆိုး လုယက်မှုတွေနဲ့ လမ်းစည်းကမ်း ယာဉ်စည်းကမ်းတွေကို အဓိက လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက မြောက်ဦးခရိုင်အတွင်း DLEPS က ဖမ်းဆီးရမိထားတဲ့ ဆိုင်ကယ်တွေကိုလည်း ပိုင်ရှင်တွေဆီကို လွှဲပြောင်းပေးခဲ့တာတွေလည်း ရှိပါတယ်။
အာရက္ခတပ်တော် (AA) ဟာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေးတွေကို ဆောင်ရွက်နေကြတာဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်မြို့နယ်တွေကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေကြဆဲ ဖြစ်ပါတယ်။








