
တိုင်းရင်းသူ အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံနေရပေမယ့် တရားမျှတမှု မရှိတဲ့ ဖြစ်ရပ်တွေကို The Elder အဖွဲ့နဲ့ တွေ့ဆုံရာမှာ တင်ပြခဲ့တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ပြောပါတယ်။
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)နဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတဲ့ The Elder အဖွဲ့က ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ဆုံရာမှာ အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်နေတဲ့ အချိန်မှာဘဲ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိစ္စတွေ တခြားနိုင်ငံရေး ဆိုင်ရာကိစ္စတွေကိုလည်း သုံးသပ်ခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောပါတယ်။
“သူတို့ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကို သုံးသပ်တဲ့ အထဲမှာမှ ၂ ခုထောက်ပြသွားတာက မြန်မာနိုင်ငံမှာ အကြီးမားဆုံး ပြသနာ အဟန့်အတား ဖြစ်နေတာကတော့ စစ်တပ်ရှိနေတာရယ် ပြီးတဲ့အခါကျတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ့လေ အဲဒါကတော့ အကြီးမားဆုံး ပြဿနာပေါ့၊ ဒါမျိုးကို သူတို့ထောက်ပြသွားတာရှိပါတယ်”လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။
တွေ့ဆုံရာမှာ ဖင်လန်နိုင်ငံ သမ္မတဟောင်းနဲ့ နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းတို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
၂၀၁၃ ခုနှစ် စက်တင်ဘာလာက ဂျင်မီကာတာခေါင်းဆောင်ပြီး နိုဘယ်လ်ဆုရှင်တွေပါဝင်တဲ့ The Elders အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်မှုအရေအတွက် နည်းလွန်း နေပြီး လွှတ်တော်ထဲမှာလည်း အမျိုးသမီး ၅ ရာခိုင်နှုန်းပဲ ရှိသေးတာကြောင့် အပြောင်းအလဲတွေလုပ်ဖို့ လိုတယ်လို ပြောဆိုခဲ့ပါတယ်။
The Elders အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားက စတင်ဖွဲ့စည်းခဲ့ပြီး တကမ္ဘာလုံး ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။











