DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲတာဝန်ကျ မဲရုံစောင့်ဝန်ထမ်းများ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်
DVB
·
December 18, 2025
ရွေးကောက်ပွဲတာဝန်ကျ မဲရုံစောင့်ဝန်ထမ်းများ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်
Donate to DVB

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲရုံအတွင်းတာဝန်ကျတဲ့ အစိုးရဝန်ထမ်းတွေရဲ့ လုံခြုံရေးကို စစ်တပ်က တာဝန်ယူပေးမယ်လို့ ပြောဆိုထားပေမဲ့ ဝန်ထမ်းတွေကတော့ စိုးရိမ်နေကြပါတယ်။ 

လာမဲ့ဒီဇင်ဘာ ၂၈ ရက် ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲရုံအတွင်း တာဝန်ထမ်းဆောင်ဖို့  ပညာရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေကို တာဝန်ပေးအပ်ထားပြီး ဝန်ထမ်းတွေက အသက်အန္တရာယ် လုံခြုံရေးကို စိုးရိမ်ပူပန်နေကြပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ရွေးကောက်ပွဲကို မဖြစ် ဖြစ်တဲ့နည်းလမ်းတွေနဲ့ ဟန့်တားသွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပြောဆိုနေတာရှိပါတယ်။

ရန်ကုန်က မဲရုံတခုမှာ ဒုမဲရုံမှူးအဖြစ် တာဝန်ချခံရတဲ့ ပညာရေးဝန်ထမ်းတယောက်က စစ်တပ်လုံခြုံရေးယူပေးမယ်လို့ ပြောဆိုထားပေမဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ DVB ကို ပြောပါတယ်၊

“ကျနော်ကတော့ တာဝန်ကျပါတယ်၊ ဒုမဲရုံမှူးတာဝန်ပေါ့။ လုံခြုံရေးက သူတို့ကတော့ စစ်တပ်ကို ချထားပေးမယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တဖက်အင်အားစုတွေဘက်က ရွေးကောက်ပွဲဆန့်ကျင်ဖို့ အကြိတ်အနယ်ပြောနေတာတွေ တွေ့နေရတယ်။ နောက် ပြည်သူလူထု တော်တော်များများကလည်း လက်မခံတာမျိုးတွေ တွေ့ရတဲ့အခါကျတော့ မဲရုံမှာ တာဝန်ကျတာ တော်တော်ကြီး စိုးရိမ်စိတ်ရှိပါတယ်။ အသက်အန္တရာယ်ရော တခြားအကြောင်းအရာတွေ စိုးရိမ်တာတွေတော့ ရှိတာပေါ့။ စစ်တပ်ကို လုံခြုံရေးအနေနဲ့ ချပေးမယ်ဆိုတာ မျိုးတော့ရှိတယ်၊ ဒါပေမဲ့ အာမခံချက် တိတိကျကျပေးတာမျိုးတော့ မရှိဘူး။”

ရွေးကောက်ပွဲ ကျင်းပမယ့် ဒီဇင်ဘာ ၂၈ ရက်က အများရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ပြည်သူတွေ အများအပြား မဲလာပေးကြဖို့ မျှော်လင့်ထားကြောင်းနဲ့ မဲရုံလုံခြုံရေးကိုလည်း တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြည်သူက လက်မခံတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြည်သူတွေ မထိခိုက်အောင် တတ်နိုင်တဲ့ဘက်က ဟန့်တားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်တပ်က လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကိုတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကတော့ နည်းမျိုးစုံနဲ့ ဟန့်တားမှာပဲ၊ ပြည်သူက လက်မခံတဲ့အတွက်။ အဲဒီတော့ မဲရုံမှာ စောင့်မယ့် ဝန်ထမ်းတွေ လုပ်အားပေးတွေအနေနဲ့တော့ တတ်နိုင်သလောက် မဲရုံနဲ့ကင်းအောင် နေစေချင်တယ်၊ ကျနော်တို့ကတော့ ပြည်သူတွေ မထိခိုက်အောင်နည်းတွေနဲ့ပဲ ဟန့်တားပြီး လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးက ရွေးကောက်ပွဲကာလအတွင်း ပြည်ထဲရေး ကွပ်ကဲမှုအောက်ကနေ တပ်ဖွဲ့၊ ဦးစီးဌာနတွေအနေနဲ့ စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး အရှိန်မြှင့်လုပ်သွားကြဖို့ ပြောဆိုထားပြီး တော်လှန်ရေးအင်အားစုတွေ အရပ်ဘက်အဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလည်း အတုအယောင်ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်နေကြပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013