
ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့ ဆောက်လုပ်ရေးအလုပ်သမားတန်းလျား မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးရှို့မှု ကျူးလွန်သူ ထိုင်းလူငယ် ၈ ယောက်ကို ဖမ်းဆီးရမိပြီလို့ ဟတ်ယိုင်ရဲတပ်ဖွဲ့က ဇွန် ၂၉ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါလူငယ် ၈ ယောက်ဟာ အသက် ၁၂ နှစ် နဲ့ ၁၄ နှစ်ကြားသာရှိသေးတဲ့ လူငယ် ၇ ယောက်နဲ့ မိန်းကလေး တယောက်တို့ ဖြစ်ကြတယ်။
ဟတ်ယိုင်မြို့နယ် ရဲစခန်းတာဝန်ကျ စခန်းမှူး ထာနုဖုန်း ဘိုချူမ့်က “ရဲတပ်ဖွဲ့က စစ်ဆေးမြေးမြန်းရာမှာ မီးရှို့မှု ကျူးလွန်ကြောင်း ဝန်ခံထားတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲ ရန်ငြိုးရန်စရှိလားလို့ မေးတော့ ရန်မဖြစ်ဖူးဘူး၊ ကမ္ဘောဒီးယားတွေ နေတယ်ထင်လို့ မီးရှို့ရတာလို့ ဆိုတယ်”လို့ ပြောပါတယ်။
အဲဒီလူငယ်တွေဟာ အခင်းဖြစ်တဲ့ညက ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး တန်းလျားရှိရာဘက်ကို လက်လုပ်ဗုံးနဲ့ ပေါက်ခဲ့တာ ဖြစ်တယ်၊ ဗုံးကိုလည်း သူတို့ဘာသာလုပ်တယ်၊ အဝတ်စဟောင်းတွေကို ဓာတ်ဆီအဝဆွတ်ပြီး ပုလင်းလွတ်ထဲ သိပ်ထည့်တယ်၊ ပြီးတော့ စနက်တံကို မီးရှို့ပြီး တန်းလျားကို ပစ်ပေါက်ထည့်လိုက်တာ၊ အရင်ကလည်း ကျောက်ခဲတွေ ပုလင်းခွံတွေနဲ့ ပေါက်ခဲ့သေးတယ်၊ ဗုံးလုပ်နည်း ဘယ်ကရလဲ ဆိုတော့ အွန်လိုင်းပေါ်ကရတာလို့ ဝန်ခံခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါတန်းလျားတွေမှာ အရင်က ကမ္ဘောဒီးယားလုပ်သားတွေ နေခဲ့တယ်၊ ရေကြီးပြီးနောက် တခြားကို ပြောင်းသွားကြပြီး မြန်မာလုပ်သားတွေပဲ ရှိတယ်၊ အရင်က ကျောက်ခဲတွေ ပုလင်းတွေနဲ့ လာပေါက်လို့ ကုမ္ပဏီက နှောင့်ယှက်ဖျက်ဆီးတဲ့ အပြုအမူတွေ ရပ်တန့်ပါ၊ မဟုတ်ရင် ဥပဒေအရ အရေးယူခံရလိမ့်မယ်လို့ ဆိုင်းဘုတ်ထောင်ထားခဲ့သေးတယ်၊ ဒါပေမဲ့ မရပ်တဲ့အပြင် ခုလို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်တဲ့အထိ မီးပါထပ်ရှို့တာလို့ တန်းလျားပိုင်ရှင် ဆောက်လုပ်ရေးကုမ္ပဏီက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ အလုပ်သမားတန်းလျားဟာ ဟတ်ယိုင်မြို့ ခေါဟုန်ရပ်ကွက် ခလောင်းတွေ တူးမြောင်းလမ်းမှာ တည်ရှိပြီး ဇွန် ၂၆ ရက် မနက် ၂ နာရီလောက်က မီးရှို့ခံရကာ အဆောင် ၆ ဆောင် မီးလောင်သွားတာ ဖြစ်ပါတယ်။
အဲဒီအချိန်က အလုပ်သမားတွေဟာ သက်ဆိုင်ရာလုပ်ငန်းခွင်မှာ သွားအိပ်ကြပြီး အိမ်စောင့်တချို့ပဲ ကျန်ခဲ့တာကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရဲစခန်းက ပြောပါတယ်။
မီးရှို့မှု ကျူးလွန်သူ တယောက်ချင်းကို လူခွဲစစ်ဆေးပြီး လူငယ်တရားရုံးကနေ အရေးယူသွားမှာ ဖြစ်တဲ့အပြင် တာဝန်ရှိ မိဘအုပ်ထိန်းသူတွေပါ အရေးယူခံရမှာဖြစ်တယ်လို့ စခန်းမှူးက ပြောသွားပါတယ်။
Source: MGROnline / Songklar News











