
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတခု ဒီဇင်ဘာ ၁၅ ရက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။
စစ်တပ်က မကြာခင်မှာ ပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ရွှေဘိုမြို့ပေါ်က လူစည်ကားတဲ့ နေရာတွေမှာ ပြုလုပ်ခဲ့ကြတာလို့ ရွှေဘိုဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တယေက်က ပြောပါတယ်။
ရွေးကောက်ပွဲဆန့်ကျင် လှုပ်ရှားမှုတွေကို ရွှေဘိုမြို့ပေါ်က အဝေးပြေးကားကြီးဝင်းထိပ် တံတားပေါ်၊ အလောင်းမင်းတရားကြီးဦးအောင်ဇေယျ ရုပ်တုရှေ့၊ အလက ၁ ကျောင်းမျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့နဲ့ ရွှေဘို-ရေဦးလမ်းထိပ် နေရာတွေမှာ ပြုလုပ်ခဲ့ကြတာပါ။
ရွှေဘိုမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဆီကနေ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေထဲမှာ ပြည်သူတွေကို အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကဗျာတွေ ရွတ်ဖတ်နှိုးဆော်တာတွေ၊ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ စာတွေ ရေးထားတဲ့ ဗီနိုင်းတွေ ချိတ်ဆွဲတာတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ သူတို့ဘက်က လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ မြို့ထဲအထိ ဝင်ရောက်ပြုလုပ်ခဲ့ကြပြီး ပြန်ဆုတ်လာခဲ့ကြတာ”လို့ ပြောပါတယ်။
အဲဒီလှုပ်ရှားမှုတွေကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) နဲ့ နယ်မြေခံပကဖအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။
နေ့လယ် ၂ နာရီဝန်းကျင်မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ချိတ်ဆွဲထားခဲ့တဲ့ အဆိုပါဗီနိုင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ကာ အော်ဟစ်ဆဲဆို ဖျက်ဆီးသွားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်က ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ရရာနည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။
ဒီဇင်ဘာ ၁၄ ရက်ကလည်း မုံရွာမြို့နယ်ထဲမှာ ရှိကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ မုံရွာမြို့နယ်ထဲမှာ ရွေးကောက်ပွဲဝင်ကြမဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အရေးယူသွားမယ် ဆိုတဲ့ ဆိုင်းဘုတ်တွေကို မုံရွာမြို့ပေါ်မှာ လိုက်လံစိုက်ထူခဲ့ကြပါတယ်။











