DVB Logo
Home
မြန်မာသတင်း
မြောက်ဦးဆေးရုံကို ဗုံးကြဲပြီးနောက် ရခိုင်ပြည်သူအပေါ်  စေတနာထားဟု စစ်ခေါင်းဆောင် ပြော
DVB
·
December 15, 2025
မြောက်ဦးဆေးရုံကို ဗုံးကြဲပြီးနောက် ရခိုင်ပြည်သူအပေါ်  စေတနာထားဟု စစ်ခေါင်းဆောင် ပြော
Donate to DVB

ရခိုင်ပြည်နယ်မှာ ၃ ရက်တာအတွင်း ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးအောင် လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ခေါင်းဆောင်က ရခိုင်ပြည်သူပြည်သားတွေအပေါ် စေတနာထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသား ပြည်သူတွေအပေါ် စေတနာထားရှိတယ် ဆိုပြီး ထည့်သွင်း ပြောဆိုလိုက်တာပါ။

စစ်ခေါင်းဆောင်က ခုလိုပြောဆိုနေပေမဲ့လည်း ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၃ ယောက် သေဆုံးခဲ့ပြီး ၇၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာ ၁၁ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က ဗုံးကြဲလို့ စစ်ဘေးရှောင်တွေ အပါအဝင် ပြည်သူ ၈ ယောက် သေဆုံးခဲ့ပြီး ၁၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ပွဲနဲ့မသက်ဆိုင်တဲ့ နေရာတွေကို ခုလိုတိုက်ခိုက်နေတာဟာ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူမှုကူညီရေး လုပ်ဆောင်ပေးနေတဲ့ ဆရာဝေဟင်အောင်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ပြောစရာစကားလုံးတောင် ရှာမတွေ့တော့ပါဘူး။ နဂိုကတည်းက ဆေးရုံတို့၊ စာသင်ကျောင်းတို့ ဆိုတာက လူထုတွေရဲ့ အဓိက မှီခိုအားထားရာ နေရာတွေကို မပစ်ရဘူး၊ စစ်ရေးအရ ဖြစ်လာရင်တောင် ဒီနေရာတွေကို ရှောင်ရမယ်ဆိုတာ ရှိတယ်။ မြောက်ဦး ဆိုတာက စစ်ပွဲဖြစ်တဲ့နေရာတခု မဟုတ်ဘူး၊ စစ်ပွဲနဲ့မသက်ဆိုင်တဲ့ နေရာပါ။ ဒီနေရာအပေါ် တိုက်ရိုက်လာရောက်ပြီး သတ်ဖြတ်ပြနေတယ် ဆိုတာက အကြမ်းဖက်ဆိုတဲ့ စကားလုံးနဲ့တောင် မတန်တော့ပါဘူး၊ တော်တော်ယုတ်မာတဲ့အစိုးရတရပ် ဖြစ်သွားပြီ။”

အလားတူ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က အသေခံဒရုန်းတွေ အသုံးပြုပြီး ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာ ဘုန်းကြီးကျောင်း၊ အင်းတိုင်းကြီးရွာ ဘုန်းကြီးကျောင်းနဲ့ မင်းရပ်ကျေးရွာက စာသင်ကျောင်းတို့ကို တိုက်ခိုက်ခဲ့ပါတယ်။

အခုလို ရခိုင်မှာ စစ်တပ်က နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်း၊‌ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး အာရက္ခတပ်တော်ကို ဖိအားပေးနိုင်ဖို့ ကြိုးစားနေတာလို့ ရခိုင်စစ်ရေးလေ့လာသူတယောက်ဖြစ်တဲ့ ဦးခိုင်ကျော်နိုင်က ပြောပါတယ်။  

“ရခိုင်ပြည် စစ်ရေးအခြေအနေက ပိုပြီးပြင်းထန်လာပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဆက်တိုက်ဖြစ်လာပါတယ်။ နောက်ပြီး ဂွ၊ သံတွဲဘက်မှာ ဆိုရင်လည်း ရေတပ်ကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးရှိတယ်။ ဒါပေမဲ့ စစ်ကော်မရှင်ရဲ့ အယူအဆက TNLA/MNDAA တို့ကို တရုတ်က ဖိအားပေးသလိုမျိုး ရခိုင်ကိုလည်း အဲဒီလိုဖိအားပေးဖို့ ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ဒီလိုမျိုး လေကြောင်းက တိုက်ခိုက် ဖိအားပေးရင်လည်း လူတွေရဲ့ အမုန်းတရားက စစ်ကော်မရှင်ကို ပိုပြီးခံစားရမှာပါ။ AA ကလည်း ပြောထားတာ ရှိပါတယ် ပြန်တုံ့ပြန်မယ် ဆိုပြီးတော့။ ပြောချင်တာက ဘယ်လောက်ပဲ လေကြောင်း၊ ရေကြောင်း သုံးသုံး သူတို့ရဲ့ စစ်ရေးမျှော်မှန်းချက်၊ နိုင်ငံရေး မျှော်မှန်းချက်တွေကို လျှော့ချပေးမှာ မဟုတ်ဘူး။”

တဖက်မှာလည်း စစ်ခေါင်း‌ဆောင်က အာရက္ခတပ်တော် အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ပြီး ဖြေရှင်းမှသာ ပဋိပက္ခကို ပြေလည်စေမှာပါလို့ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ကို အခုလို လေကြောင်း အပြင်းအထန် တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ CDM ဗိုလ်ကြီးဇင်ယော်က စစ်ရေးအရ အခုလို သုံးသပ်ပြောပြပါတယ်။

“သူတို့ ခြေကုပ်ယူထားတဲ့ စစ်တွေ၊ ကျောက်ဖြူကနေကိုပဲ ရှေ့ကို တက်လို့မရတဲ့ အနေအထားမျိုးမှာ အာရက္ခတပ်တော်ဘက်က အပစ်ရပ်ပြီး တပ်နေရာချထားနိုင်ဖို့ ဆွေးနွေးနိုင်ဖို့ အရေးကို လေကြောင်းတိုက်ခိုက်မှုကို သုံးလာတာပါ။ မြေပြင်မှာ ဘယ်လိုမှ တိုးလို့မရတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်ဘက်ပစ်မှတ်တွေကို အကြောင်းမဲ့ တိုက်လာတဲ့ အနေအထားမျိုးပါ။ ဒါကြောင့် အာရက္ခတပ်တော်လည်း သူ့ပြည်သူတွေကို ထိလာတဲ့အချိန်ကျရင် သူတို့ လိုချင်တဲ့ဘက်ကို ခဏတာ လိုက်လျောလိုက်ရမဲ့ အနေအထားကို လိုချင်တဲ့သဘောပါ။”

ဒါပေမဲ့ စစ်တပ်ရဲ့ ဝါဒဖြန့် ချန်နယ်တွေမှာတော့ မြောက်ဦးဆေးရုံကို ဗုံးကြဲတာဟာ တော်လှန်ရေးတပ်တွေ ရှိနေလို့ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေဟာလည်း ပြည်သူတွေ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်အပေါ်ကိုတော့ စစ်ကောင်စီ ဝါဒဖြန့်သလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေက မရှုမြင်ကြပါဘူး။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ခုလို လေကြောင်းတိုက်ခိုက်မှုတွေအပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်စိုးရိမ်မိကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချသလို စစ်တပ်ဟာ အပြစ်ပေးမခံရဘဲ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်ခွင့် ရနေတယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013