DVB Logo
Home
နိုင်ငံတကာ
လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပြီးနောက်  ၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ 
DVB
·
December 15, 2025
လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပြီးနောက်  ၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ 
Donate to DVB

ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ တကျော့ပြန်စစ်ပွဲဟာ သီတင်းတပတ်ကျော်လာသည်ထိ မရပ်စဲနိုင်သေးတဲ့အပြင် မူလ ၄ ခရိုင်နယ်စပ်မှာသာ တိုက်ပွဲရှိခဲ့ပေမဲ့ လက်ရှိ ထိုင်းဘက်မှာ ၇ ခရိုင်ထိ ကျယ်ပြန့်လာပြီး အဲဒီထဲက ၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ကြေညာထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီဇင်ဘာ ၈ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲမှာ ဆီစကစ်၊ ဘူရီရမ်၊ ဥဘွန်းရာ့ချ်ဌာနီ၊ စူရင်း စတဲ့ ၄ ခရိုင်နယ်စပ်မှာသာ ဖြစ်ခဲ့ပေမဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၄ ရက်မှာ နောက်ထပ် ဆာကယောက်၊ ကျန်ထပူရီ နဲ့ တရတ်ခရိုင်တွေထိ ပျံ့နှံ့လာခဲ့ပါတယ်။ 

တရတ်ခရိုင်မှာ ဆိုရင် ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီလောက်က တရတ်ခရိုင် ဝိထယိုး ထင်းစစ်ဌာနချုပ်ဟာ M 79 လက်နက်ကြီးနဲ့ ၃ ကြိမ်ထက်မနည်း အထုခံရတယ်၊ လက်နက် ကျည်တွေဟာ ကွင်းပြင်မှာ ကျတဲ့အတွက် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမဲ့ အဆိုပါလက်နက်ကြီးဟာ ထိုင်းနိုင်ငံထဲကနေပြီးတော့ ပစ်တယ်လို့ ယူဆရတာကြောင့် အများပြည်သူ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ဖို့အတွက် ကျန်ထပူရီ-တရတ် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်က တရတ်ခရိုင်ရှိ မြို့နယ် ၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရ ကာဖျူး အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၄ ရက်နေ့စွဲနဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တဲ့ ၅ မြို့နယ်မှာ တရတ်၊ ခလောင်းယိုင်၊ ဝေါ်လိုက်၊ လျမ်ငွပ်၊ ခေါဝ်ဆမင် စတဲ့မြို့နယ်တွေဖြစ်ပြီး ည ၇ နာရီမှ မနက် ၅ နာရီအထိ အပြင်မထွက်ရ။ အရေးကြီးကိစ္စနဲ့ ထွက်ခွာလိုက သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံ ခွင့်ပြုချက်တောင်းရမယ်လို့  ဆိုပါတယ်။ 

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မသင်္ကာသူတွေကို ခေါ်ယူစစ်ဆေးမေးမြန်းခွင့် ရှိတယ်လို့ ဆိုပါတယ်။ 

ကမ္ဘောဒီးယားစစ်တပ်ဟာ နိုင်ငံခြားကြေးစားစစ်သည်တွေ ငှားရမ်းပြီး ထိုင်းဘက် လျှို့ဝှက်စေလွှတ်ထားကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ထိုင်း ကြည်း၊ ရေ၊ လေ တပ်ဖွဲ့နဲ့ လဝက က နိုင်ငံခြားသားအဝင်အထွက်တွေလည်း တင်းကျပ်စွာ စစ်ဆေးနေပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့မနက်က ဆီစကစ်ခရိုင် ကန်ထရာရတ်မြို့နယ် ဖူးမခေတောင်က တိုက်ပွဲမှာ ထိုင်းဆေးတပ်သားတစ်ယောက် BM-21 လက်နက်ကြီး ကျည်သင့်ပြီး ကျဆုံးခဲ့တယ်လို့  အမှတ် ၂ တိုင်းဒေသ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။ 

ဒီနေ့မနက်မှာပဲ အဆိုပါ ကန်ထရာရတ်မြို့နယ် ဆောဝ်ထုန်းချိုင်းအုပ်စုထဲမှာလည်း  ကမ္ဘောဒီးယားဘက်က ပစ်လာတဲ့ လက်နက်ကြီးကျည်ဟာ ရွာထဲထိ ရောက်လာတာကြောင့် အိမ်ခြေပျက်စီးသလို ပြည်သူတယောက် ထိမှန်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၈ ရက်မှ စတင်တဲ့ တိုက်ပွဲတွေအတွင်း ထိုင်းစစ်တပ်ဘက်မှာ စစ်သည် ၁၅ ယောက် ကျဆုံးပြီး ဒဏ်ရာရသူ ၃၂၇ ယောက်ရှိတယ်လို့  ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာ ၈ မှ ၁၃ ထိ ၆ ရက်တာကာလအတွင်း ကမ္ဘောဒီးယားစစ်တပ်ဘက်က ကျဆုံးသူ ၁၈၁ ယောက်ရှိပြီး ထိုင်းစစ်တပ်မှ ကမ္ဘောဒီးယားရဲ့  တင့်ကား ၁၀ စီး၊ ဒရုန်း ၆၄ စင်း၊ BM 21 ဒုံးကျည်တင်ကား ၁ စီး၊ ကုန်တင်ကား ၆ စီး၊ လက်နက်ကြီးကျည် ၁ ခု၊ ကျည်ကပ် ၆ ခု သိမ်းဆည်းခဲ့ကာ ဒရုန်းဖျက်တိုင် ၄ တိုင်၊ ဒရုန်းထိန်းသိမ်းရေးလက်နက် ၁ ခု ဖျက်ဆီးနိုင်ခဲ့တယ်လို့  ထိုင်းစစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။ 

အဆိုပါတိုက်ပွဲကြောင့် ထိုင်း-ကမ္ဘောဒီး နှစ်ဘက်နိုင်ငံမှ အရပ်သားပြည်သူ စုစုပေါင်း ၇ သိန်းကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source: Thai PBS / Amarin TV / The 2nd Army Area Operations Center

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013