DVB Logo
Home
မြန်မာသတင်း
ဗုံးကြဲခံရသည့် မြောက်ဦးဆေးရုံတွင် ဆရာဝန်အင်အားနှင့် ဆေးဝါး အခက်အခဲကြုံနေ 
DVB
·
December 15, 2025
ဗုံးကြဲခံရသည့် မြောက်ဦးဆေးရုံတွင် ဆရာဝန်အင်အားနှင့် ဆေးဝါး အခက်အခဲကြုံနေ 
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်းတွေပါ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံမှာ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်ညမှာ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်တပ်က  လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှုခံယူနေကြရတဲ့ အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးပြီး ၈၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးမှာ ဒဏ်ရာပြင်းထန်သူတွေကို အချိန်မီ ဆေးကုသပေးနိုင်ဖို့ ဆရာဝန်နဲ့ ကျန်းမာရေး အင်အားလိုအပ်နေပြီး လူနာတွေကို ဘေးကင်းလုံခြုံတဲ့နေရာတွေကို ဆေးကုသဖို့ ပြောင်းရွှေ့ရတာတွေကြောင့် ဆေးကုသမှု အချိန်ကြန့်ကြာတာနဲ့ ဆေးဝါးလုံလောက်မှု မရှိတဲ့ အခက်အခဲတွေလည်း ရင်ဆိုင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က “ကျမရဲ့ အဘွားလည်း အဲဒီမြောက်ဦးဆေးရုံမှာဘဲ ဆေးကုသမှုခံယူခဲ့ရတာ။ ဗုံးကြဲမှုမတိုင်မီ တလ အလိုလောက်ကပဲ ဆုံးသွားတာ။ အဲဒီဆေးရုံမှာ ဘယ် AA မှ ဆေးကုသမှု ခံယူနေတာ မရှိဘူး။ ကျမတို့ ပြည်သူတရပ်လုံး အားကိုးအားထားရတဲ့ ဆေးရုံပါ။ တခြားမြို့နယ်တွေက ဆရာဝန်တွေဆိုလည်း ခွဲစိတ်ကုသမှုခံယူရမဲ့ ရောဂါဆိုရင် အဲဒီမြောက်ဦးဆေးရုံကိုပဲ ပို့ပေးတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မြောက်ဦးဆေးရုံကို အခုလို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက်အရေးယူပေးဖို့ မြို့ခံ လူငယ်တယောက်က  နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

မြောက်ဦးပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ မရွှေသိန်းကတော့ အဲဒီညက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ကို ပြန်ပြောပြခဲ့ပါတယ်။

မြောက်ဦးမြို့ခံ မရွှေသန်းက “အခု အရမ်းကို သောကမီးတောက်နေတယ်။ ပြောပြဖို့လည်း မတတ်တော့ဘူး။ သားသမီးတွေကလည်း အနီးမှာမရှိဘူး။ အရင်ကဆိုရင် အဲဒီမှာ မအိပ်ရဲလို့ ကျမတို့အိမ်မှာ လာပြီးတော့ အိပ်တယ်။ ဒါပေမဲ့ အဲဒီနေ့ညက နေ့ရောညပါ အလုပ်လုပ်ရမှာလို့ ပြောခဲ့တယ်။ ဗုံးကြဲတဲ့အချိန်မှာ ကျမတို့ လန့်သွားကြတယ်။ အဲဒီအချိန် မအိပ်သေးဘူး။ အသံလည်း တအားကျယ်တယ်။ မြို့မြောက်ဘက်မှာ ကျတယ်၊ ဆေးရုံလား၊ ရဲစခန်းလား မသိဘူးဆိုပြီး လိုက်ကြည့်ကြတာ။ အဲဒီမှာ မီးတွေလောင်နေတယ်။ အဲဒီအချိန် ကျမ ကြောက်ခဲ့တယ်။ သားသမီးတွေလည်း အဲဒီဘက်မှာ ရှိနေတော့ စိုးရိမ်ခဲ့တယ်။ ဘေးကင်းပါစေလို့ပဲ ဆုတောင်းနိုင်တာပေါ့”လို့ပြောပါတယ်။

သားသမီးတွေကတော့ မထိခိုက်ခဲ့ပေမဲ့ မရွှေသိန်းရဲ့ အစ်ကိုဖြစ်သူဟာ ဆေးရုံက ဝန်ထမ်းတယောက်ဖြစ်ပြီး  ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။

ဒီလိုမျိုး အရပ်သားပြည်သူတွေရဲ့ ထိခိုက်မှု၊ နစ်နာဆုံးရှုံးရမှု သက်သေတွေ ရှိနေပေမဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် ‘တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့’ကတော့ ဆေးရုံကို ဗုံးကြဲတာဟာ တော်လှန်ရေးတပ်တွေ ရှိနေလို့ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေဟာလည်း  ပြည်သူတွေ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဆေးရုံကို ၂၀၂၄ ခုနှစ်မှာ ပိတ်သိမ်းထားပြီးပြီလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်အပေါ်ကိုတော့ စစ်ကောင်စီ ဝါဒဖြန့်သလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေက မရှုမြင်ကြပါဘူး။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်ခ်က ခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂအနေနဲ့ အလွန်စိုးရိမ်မိကြောင်းနဲ့ ဒါဟာ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအပေါ် ၆၇ ကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောဆိုချက်ကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံတကာအသိုက်အဝန်းကိုလည်း လူသားချင်းစာနာထောက်ထားမှုနဲ့  လူ့အခွင့်အရေးဥပဒေအရ သူတို့ရဲ့ တာဝန် ဝတ္တရားတွေကို လိုက်နာဖို့ တောင်းဆိုခဲ့ပါသေးတယ်။

ဥရောပသမဂ္ဂ (အီးယူ) ပြောရေးဆိုခွင့်ရှိသူ အဲန်နစ်တာ ဟစ်ပါကလည်း ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒါက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောခဲ့သလို အရပ်သားတွေ၊ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဘယ်လိုအခြေအနေမှာမဆို ကာကွယ်ရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုအပေါ် အလွန်စိုးရိမ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း အာဆီယံ ဥက္ကဌက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ကလည်း ဒီလိုဗုံးကြဲတာဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး မြန်မာစစ်တပ်ဟာ အပြစ်ပေးမခံရဘဲ ဆက်ကျူးလွန်ခွင့်ရနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကလည်း မြောက်ဦးပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်တဲ့ မျက်မြင်ကြုံတွေ့သူတွေ၊ တိုက်ရိုက်သိရှိထားသူတွေအနေနဲ့ သတင်းအချက်အလက် မျှဝေပေးဖို့ကို တောင်းဆိုထားပါတယ်။

မြောက်ဦးဆေးရုံကို ဗုံးကြဲမှုအပါအဝင် စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေကို ရှုတ်ချပြီး အပြည်ပြည်ဆိုင်ရာက အရေးယူဆောင်ရွက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013