DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း မြန်မာနိုင်ငံသား ၂ဝဝ နီးပါး ရနောင်းမှတဆင့် ပြန်ပို့ခံရ
DVB
·
December 13, 2025
တပတ်အတွင်း မြန်မာနိုင်ငံသား ၂ဝဝ နီးပါး ရနောင်းမှတဆင့် ပြန်ပို့ခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျပြီးတဲ့ မြန်မာနိုင်ငံသားတွေကို ရနောင်း၊ လဝကအချုပ်ကနေ ပြန်ပို့ပေးနေပြီး အခုနှစ်ဒီဇင်ဘာလထဲမှာ တပတ်အတွင်း မြန်မာနိုင်ငံသား အယောက် ၂၀၀ လောက်ကို ပြန်ပို့ခဲ့တယ်လို့ ရနောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းက လွတ်ရက်စေ့ ၁၀၄ ယောက်ကို မြန်မာဘက် လွှဲပြောင်းပေးခဲ့ပြီး  ဒီဇင်ဘာ ၁ဝ ရက်နေ့‌မှာလည်း ‌မြန်မာ ၇၁ ယောက်ကို ရနောင်းမြို့၊ အကောက်ခွန် ဆိပ်ခံတံတားကတဆင့် ကော့သောင်းလှေဆိပ်ဆီကို ထပ်မံ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ‌ထုတ်ပြန်ချက်တွေမှာ တွေ့ပါတယ်။

တပတ်အတွင်း ၂ ကြိမ်လွှဲပြောင်းခဲ့တာဖြစ်ပြီး နေရပ်ပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ကော့သောင်းလှေဆိပ်ရောက်ရင် မိသားစုနဲ့ချက်ချင်းအဆက်အသွယ်မရကြဘဲ မိုးလုံလေလုံအားကစားကွင်းမှာ ခေတ္တထိန်းသိမ်းခံရပြီး အသက်အရွယ်ခွဲခြားပြီးရင် လူငယ်ပိုင်းအရွယ်တွေကို စစ်တပ်က ကားတွေနဲ့ ကော့သောင်းအခြေစိုက် တပ်ရင်းတွေထဲ ခေါ်ဆောင်နေတယ်လို့ ကော့သောင်းမြို့ခံပြည်သူတွေက ပြောပါတယ်။

ကော့သောင်းဒေသခံတယောက်က “ပြန်မလွှတ်တာက အခုမှမဟုတ်ဘူးပဲ။ စစ်မှုထမ်းဥပဒေ ထုတ်ပြီးကတည်းက အကုန်ဆွဲထည့်နေတာ။ ထူးမှမထူးဆန်းတော့တာ။ ကျန်တဲ့သူတွေက ငွေပေးပြီးမထုတ်နိုင်တာလည်းပါတယ်။ တချို့က မပေးထုတ်တာ တစ်ချို့က အိမ်ကမိသားစုဝင်တွေက မသိကြတာကြောင့်ပါတယ်” လို့ ပြောပါတယ်။

အခု ဒီဇင်ဘာလအတွင်း လွှဲပြောင်းပို့ဆောင်ခံရသူတွေထဲမှာ အမျိုးသား ၁၃၅ ယောက်၊ အမျိုးသမီး အယောက် ၄၀၊ စုစုပေါင်း ၁၇၅ ယောက် ပါဝင်ပြီး အသက်ကြီးပိုင်းတချို့ကလွဲပြီး ကျန်တဲ့လူငယ်ပိုင်းအရွယ်တွေ စစ်မှုထမ်းစုဆောင်းတဲ့အထဲပါသွားပေမဲ့ ဘယ်လောက်ပါတယ် ဆိုတာတော့ မသိရသေးပါဘူး။

အခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ရနောင်းလဝကအချုပ်ရုံးကနေ ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိင်ငံသား‌တွေကို နေရပ်လွှဲပြောင်းပို့‌နေတာ ၁၅ ကြိမ်လောက်ရှိပြီးတော့ စုစုပေါင်း လူဦးရေ ၂,၀၀၀ ကျော် ပြန်ပို့ထားပြီဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ တရားမဝင်၊ အထောက်အထားမပြည်စုံတဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးပြီး စစ်ကောင်စီဆီကို ပြန်မပို့ဖို့နဲ့ NUG, CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကနို လွှဲပြောင်းပေးဖို့ အခုနှစ်မတ်လက ထိုင်းနိုင်ငံ အောက်လွှတ်တော်မှာလုပ်တဲ့ နယ်စပ်လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က တောင်းဆိုခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013