DVB Logo
Home
မြန်မာသတင်း
မြောက်ဦးဆေးရုံ တိုက်ခိုက်မှု ကုလနှင့် အီးယူ ရှုတ်ချ 
DVB
·
December 12, 2025
မြောက်ဦးဆေးရုံ တိုက်ခိုက်မှု ကုလနှင့် အီးယူ ရှုတ်ချ 
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့အပေါ်  ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ (အီးယူ) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ အသီးသီးက ရှုတ်ချလိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်မှာ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်ခဲ့တာဖြစ်ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၃၅ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ၈၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်ခ်က ခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂအနေနဲ့ အလွန်စိုးရိမ်မိကြောင်းနဲ့ ဒါဟာ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအပေါ် ၆၇ ကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောဆိုချက်ကို ကိုးကားပြီး ပြောလိုက်ပါတယ်။

ဟတ်ခ်က "ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ အပါအဝင် ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ အရပ်သားတွေကို လေးစားပြီး ကာကွယ်ရပါမယ်။ ကုလသမဂ္ဂက ဒီတိုက်ခိုက်မှုကို ရှုတ်ချပါတယ်။ ဒါဟာ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေတဲ့ ပိုမိုကျယ်ပြန့်တဲ့ တိုက်ခိုက်မှုပုံစံတစိတ်တပိုင်းဖြစ်ပြီး နိုင်ငံတဝန်းက လူမှုအသိုက်အဝန်းတွေကို ဆက်လက်ဖျက်ဆီးနေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူက နိုင်ငံတကာအသိုက်အဝန်းကိုလည်း လူသားချင်းစာနာထောက်ထားမှုနဲ့  လူ့အခွင့်အရေးဥပဒေအရ သူတို့ရဲ့ တာဝန် ဝတ္တရားတွေကို လိုက်နာဖို့ တောင်းဆိုခဲ့ပါ တယ်။

ဥရောပသမဂ္ဂ (အီးယူ) ပြောရေးဆိုခွင့်ရှိသူ အဲန်နစ်တာ ဟစ်ပါကလည်း ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒါက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုး ဖောက်တာဖြစ်တယ်လို့ ပြောလိုက်သလို အရပ်သားတွေ၊ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဘယ်လိုအခြေအနေမှာမဆို ကာကွယ်ရမှာဖြစ်တယ်လို့ ပြောလိုက်တာပါ။

NUG အစိုးရကတော့ ဒီရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို စစ်အုပ်စုက မြန်မာနိုင်ငံအနှံ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုပေါင်း ၁,၆၀၀ ကျော် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲအဖြစ် ရှုမြင်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013