
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဥ် ၂၀ အတွက် လမ်းထွက်သွားလာသူတွေနဲ့ စျေးဆိုင်တွေမှာ အလုပ်လုပ်နေသူ လူငယ်အများပြားကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အမှတ် ၈ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်တယ်လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တွေထံက သိရပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ စစ်ကောင်စီလက်အောက်ခံ စစ်၊ ရဲ၊ ပျူ လှည့်ကင်းက နေရာစုံ ထောင့်စုံက ခရီးသွားလူငယ်တွေနဲ့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ ဖုန်းရောင်းဝယ်ရေးဆိုင်တို့က လူငယ်တွေကို ဆိုင်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး ငွေနဲ့ရွေးနိုင်သူတွေကို ပြန်လွှတ်ပေးကာ ငွေမပေးနိုင်သူတွေကို အမှတ် ၈ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်တယ်လို့ သိရပါတယ်။
ဆိုင်ထဲဝင်ဖမ်းစဥ် ထွက်ပြေးလွတ်မြောက်လာသူနဲ့ နီးစပ်သူက “ပေါ်တာဆွဲခံရတာက အသက် ၄၀ အောက် လူငယ် ၂၀ ကျော်တယ်။ တက္ကသိုလ်တက်နေတဲ့ ကျောင်းသား ၂ ဦး၊ ခြေထောက်မသန်သူ ၁ ဦးနဲ့ ငွေပေးနိုင်တဲ့သူ ၂ ဦးတော့ လွှတ်ပေးတယ်လို့ကြားတယ်။ အလုပ်အတူတူ လုပ်တဲ့သူတော့ ပါသွားတယ်။ သူက မြို့ကမဟုက်ဘူး။ ရွာက သူ့မိဘနဲ့ စိတ်ဆိုးပြီး အလုပ်ဝင်တာ တလကျော်ပဲ ရှိသေးတယ်။ ရွာက သူ့မိဘတွေ လိုက်လာပြီး ရဲစခန်းနဲ့ စုဆောင်းရေးတပ်ကို သွားမေးတော့ လေ့ကျင့်ရေးတပ်ထဲ ပို့လိုက်ပြီဆိုလို့ လေ့ကျင့်ရေးတပ်ကလည်း တွေ့ခွင့်မပေးဘူး။ တပတ်နေမှ ပြန်လာခဲ့ဆိုပြီး သူ့မိဘတွေ ပြန်ခိုင်းတယ်” လို့ ပြောပါတယ်။
ရွှေဘိုဘူတာစျေးအနီး ထမင်းဆိုင်က ၄ ယောက်၊ လျှပ်စစ်ဆိုင်က ၄ ယောက်၊ အမှတ် ၁၀ ရပ်ကွက်က ၂ ယောက်၊ အမှတ် ၃ ရပ်ကွက်က တယောက်နဲ့ တင့်တယ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဆိပ်ခွန်ကျေးရွာနဲ့ တခြား မြို့နယ် ကျေးရွာတွေက ခရီးသွား အလုပ်သွား အလုပ်ပြန် စျေးဝယ်လာ ပြည်သူ ၂၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဥ်တိုင်းအတွက် လစဥ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ဖမ်းမိသူတွေကို ဖမ်းဆီးတဲ့နေ့မှာ ရဲစခန်းမပို့ခင် နေ့ချင်းပြီး ငွေနဲ့ရွေးခိုင်းကာ ငွေနဲ့ မရွေးနိုင်သူတွေကို ရွှေဘိုမြို့ မြို့မရဲစခန်းနဲ့ အမှတ် ၈ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်ပါတယ်။
အရင်လတွေက ပေါ်တာဆွဲ ဖမ်းဆီခံရသူ အများအပြားလည်း မိသားစုနဲ့ အဆက်အသွယ်မရဘဲ စစ်တပ်အတွင်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။











