DVB Logo
Home
မြန်မာသတင်း
ဖာပွန်တဝိုက် စစ်ကြောင်းထိုးနေသည့် စစ်တပ် ရှေ့ဆက်မတိုးနိုင်ဘဲ ထိခိုက်ကျဆုံးသူ များပြား
DVB
·
December 11, 2025
ဖာပွန်တဝိုက် စစ်ကြောင်းထိုးနေသည့် စစ်တပ် ရှေ့ဆက်မတိုးနိုင်ဘဲ ထိခိုက်ကျဆုံးသူ များပြား
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်း ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာ ၄ လကျော် ကြာမြင့်လာတဲ့အထိ ရှေ့ဆက်တိုးမရဘဲ ထိခိုက်ကျဆုံးသူများပြီး ပြန်လည်ဆုတ်ခွာနေရပါတယ်။

ဖာပွန်မြို့ အပါအဝင် ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ မြေပြင် ဝေဟင် ပစ်ကူရယူပြီး ဝါးဒူးကျေးရွာကနေ စစ်ကြောင်းထိုးနေပေမဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာနေရပါတယ်။

KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “၂ ရက်၊ ၃ ရက် တခါ။ တခါတလေ  ၁ ရက်၊ ၂ ရက် တခါ အဲလိုမျိုး တက်လာတယ်။ တက်လာတော့ ဒီဘက်က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ တိုးပြီး သူတို့ အထိနာပြီးတော့ ပြန်ဆုတ်သွားတာပဲ ရှိတယ်။ အပေါ်ကိုတော့ သူတို့ တိုးလို့မရသေးဘူး။ သူတို့ အထိုင်ချတဲ့နေရာမှာပဲ ရှိတယ်။ သူတို့လေယာဉ်ပျံကတော့ နေ့တိုင်း နေ့ကော ညကော လာပြီးပစ်တယ်။ အထူးသဖြင့် ကတိုင်တိအနီးအနား ဖာပွန်ရပ်ကွက်နဲ့ အနီးနားရွာတွေကို လာပစ်တယ်။ ဒါပေမဲ့  လူထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ဖာပွန်မြို့တွင်းက အဆောက်အအုံ တော်တော်များများ ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ဖာပွန်(လူသော)မြို့ မြောက်ဘက် ဘော်စဲခိုတပ်စခန်းကို တပ်အပြောင်းအလဲအတွက် ရဟတ်ယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ၅ ယောက် အပါအဝင် အခြားဆင့် ၁၀ ယောက် ထိခိုက်ကျဆုံးခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေကို လုံးဝ အဝင်ခံမှာ မဟုတ်သလို ရသလောက် ခုခံကာကွယ်သွားမယ်လို့ ကရင်စစ်ရေးလေ့လာသူ တယောက်က ပြောပါတယ်။

“ဖာပွန်မှာကျတော့ သူတိုက်လို့မရတာက KNU က သူ့နယ်မြေထဲမှာ သူ လုံးဝမလိုချင်ဘူး။ စစ်ကောင်စီနဲ့ပေါင်းတဲ့ အဖွဲ့တွေဆိုရင် ဒေသခံတွေကော ဖာပွန်မှာရှိတဲ့ KNU တွေကော အကုန်လုံးက သူတို့နယ်ထဲကို ပေးဝင်မှာ မဟုတ်ဘူး။ သူတို့လည်း ရသလောက် ခုခံကာကွယ်မှာပဲ ဖြစ်တယ်။ အဲတော့ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်လာမယ် ဆိုရင်တော့ တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာဖို့ပဲ ရှိတယ်။ အဲဒီဖာပွန်ဆိုရင် သူက စစ်ကောင်စီတပ်တွေနဲ့ ပတ်သက်ရင် သူ့နယ်မြေတော့ သူ အဝင်ခံမှာ မဟုတ်ဘူး။ သူလည်း သူ့မူဝါဒက ရှိထားပြီးဖြစ်တယ်။”

ဒ့ါအပြင် စစ်ကောင်စီက လာမဲ့ရွေးကောက်ပွဲ အပိုင်း ၂ ကို ၂၀၂၆ ခု ဇန်နဝါရီ ၁၁ ရက် ဖာပွန်မြို့မှာ ကျင်းပသွားဖို့ ကြေညာခဲ့ပေမဲ့ လုံခြုံရေးအခြေအနေအရ မကျင်းပနိုင်ဘူးလို့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါးဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013