DVB Logo
Home
မြန်မာသတင်း
မုံရွာ-ချောင်းဦးအစပ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် ဆရာတော် ၁ ပါး ပျံလွန်၊ ပြည်သူနှင့် သံ​ဃာ စစ်ရှောင်
DVB
·
December 11, 2025
မုံရွာ-ချောင်းဦးအစပ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် ဆရာတော် ၁ ပါး ပျံလွန်၊ ပြည်သူနှင့် သံ​ဃာ စစ်ရှောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ ရှိတဲ့ ကျီကုန်းအရှေ့ကျေးရွာနဲ့ ကျီကုန်းအနောက်ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အဘိဝံသဘွဲ့ရ ဆရာ​တော်ကြီးတပါး ပျံတော်မူကာ ဒေသခံပြည်သူ ၅,၀၀၀ ဝန်းကျင်နဲ့ သံ​ဃာတော် အပါး ၃၀ ဝန်းကျင်လည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ကျီကုန်းရွာတွေကို စစ်တပ်စစ်ကြောင်းက ရက်ရက်စက်စက် အငြိုးကြီးကြီးနဲ့ကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။ ကျီကုန်းရွာတွေက မုံရွာနဲ့ အတော်လှမ်းတယ်။ ချောင်းဦးနယ်စပ်မှာ ရှိကြတာ။ ကျီကုန်းအရှေ့ရွာက ချောင်းဦးမြို့နယ်ထဲက ဖြစ်ပြီးတော့ ကျီကုန်းအနောက်ရွာကတော့ မုံရွာမြို့နယ်ထဲကပါ။ ကျီကုန်းရွာတွေအပြင် အနီးနားရွာတွေက ပြည်သူတွေအပြင် သံဃာတော်အများအပြားလည်း စစ်ဘေးရှောင်နေကြရလို့ ယာယီနေထိုင်စရာတွေ၊ အစားအစာနဲ့ ဆေးဝါးတွေ စတဲ့ အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အဆိုပါ ကျီကုန်းကျေးရွာတွေကို နိုဝင်ဘာ ၃၀ ရက်က စတင်ဝင်ရောက်ပြီး ဘုန်ကြီးကျောင်းတွေက ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေ အပါအဝင် ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ကြသလို ဒီဇင်ဘာ ၅ ရက်ကစလို့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ သာသနာတော်ဆိုင်ရာ အဘိဝံသဘွဲ့ရ သက်တော်ရှည်ဆရာ​တော်တပါး အပါအဝင် သံဃာတော်နဲ့ ပြည်သူတချို့ကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျီကုန်းအရှေ့ရွာကော ကျီကုန်းအနောက်ရွာ​ကော ၂ ရွာစလုံးကို မီးရှို့ခံရတာဖြစ်ပါတယ်။ ကျီကုန်းအရှေ့ရွာကတော့ အိမ်ခြေ ၁,၀၀၀ လောက်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိ စစ်ကြောင်းရှိနေသေးလို့ မီးလောင်တဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးပါဘူး။ 

ကျီကုန်းအရှေ့ရွာက စစ်တပ်အထိုင်စခန်းနဲ့ ၂ မိုင်လောက်ပဲဝေးတော့ မကြာခဏ စစ်ကြောင်းထိုးတာ ခံနေရတဲ့ရွာဖြစ်ပြီး ကျီကုန်းအနောက်ရွာကတော့ အိမ်ခြေ ၂၀၀ ကျော်ရှိကာ အခုမီးရှို့ခံရတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

ကျီကုန်းအရှေ့ကျောင်းမှာ သီတင်းသုံးနေထိုင်ပြီး ထွက်ပြေးနေရတဲ့ ဆရာတော် ဦးနန္ဒက “ ၂ ကြိမ်ပေါင်း မီးရှို့ခံရလို့ ကျီကုန်းအနောက်ရွာက အိမ်ခြေအားလုံး ကုန်သလောက်နီးပါးပါပဲ။ ကျီကုန်းအရှေ့ရွာကို သူတို့စစ်ကြောင်းက ရမ်းသန်းပစ်ခတ်ပြီး ဝင်လာတဲ့အခါမှာလည်း ရွာသစ်ရွာကျောင်းမှာ သီတင်းသုံးနေပြီး ကျန်းမာရေးမကောင်းသူ မန္တလေး မစိုးရိမ်တိုက်သစ်ကနေ ၁၃၅၄ ခုနှစ်မှာ ရန်ကုန် စေတိယင်္ဂဏအဘိဝံသဘွဲ့ ရရှိတော်မူခဲ့တဲ့ ဦးခေါင်းဝေဒနာ ခံစားနေရသူ ဂီလာနဆရာတော်ကြီး ဦးသုမနာဘိဝံသလည်း သူတို့ပစ်ခတ်လိုက်တဲ့ ကျည်ထိပြီးတော့ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ပြေးရင်းလွှားရင်း စစ်တပ်က လိုက်ပစ်လို့ တခြားရဟန်းတပါးလည်း ပျံလွန်တော်မူခဲ့ပါသေးတယ်။ လေဖြတ်နေတဲ့ အသက် ၄၄ နှစ်အရွယ် ကိုမင်းနိုင်လည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်” လို့ DVB ကို မိန့်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ကျီကုန်းအရှေ့နဲ့ ကျီကုန်းအနောက်ကျေးရွာတွေအပြင် အနီးအနား​ကျေးရွာတွေ ဖြစ်ကြတဲ့ ရွှေဓားကျ၊ ချောင်းဆုံ၊ ချောင်းမနား၊ သစ်ဆိမ့်၊ ညောင်လှ၊ တောင်အင်း ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ ၅,၀၀၀ ဝန်းကျင်နဲ့ ​ဘုန်းကြီးကျောင်းတွေက ရဟန်းတော်တွေ အပါး ၃၀ နီးပါး ထွက်​ပြေးနေကြရတယ်လို့လည်း ဆရာတော်က ဆက်မိန့်ပါတယ်။

ဒီဇင်ဘာ ၈ ရက်ကနေ ၉ ရက်အထိ အဆိုပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့သလို တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013