DVB Logo
Home
နိုင်ငံတကာ
ဒေါ်လာ ၁ သန်းတန် Gold Card စတင်ပြီဟု ထရမ့်ပ်ကြေညာ
DVB
·
December 11, 2025
ဒေါ်လာ ၁ သန်းတန် Gold Card စတင်ပြီဟု ထရမ့်ပ်ကြေညာ
Donate to DVB

ဒေါ်လာ ၁ သန်းတန် Gold Card အစီအစဉ်ကို စတင်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူမှုကွန်ရက်မှာ ကြေညာလိုက်ပါတယ်။

ထရမ့်ပ်ရဲ့ Gold Card အစီအစဉ်အရ ချမ်းသာတဲ့ နိုင်ငံခြားသားတွေဟာ ဒေါ်လာ ၁ သန်းပေးပြီး အမေရိကန်မှာ အမြန်ဆုံး ဗီဇာရမှာ ဖြစ်ပါတယ်။

ထရမ့်ပ်က “ဒီကတ်တွေဟာ ဝယ်ယူသူတွေကို နိုင်ငံသားဖြစ်ခွင့်ရဖို့နဲ့ စိစစ်ဖို့ တိုက်ရိုက်လမ်းကြောင်း ဖြစ်ပါတယ်။ ဒါက စိတ်လှုပ်ရှားစရာပါ။ ကျနော်တို့ရဲ့ ကြီးကျယ်တဲ့ အမေရိကန်ကုမ္ပဏီတွေဟာ နောက်ဆုံးမှာ သူတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စွမ်းရည်တွေကို ရရှိတော့မှာ ဖြစ်ပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။

Trump Gold Card ပြုလုပ်မယ်လို့ ဒီနှစ်အစောပိုင်းက ပထမဆုံးအကြိမ် ကြေညာခဲ့ပြီး နိုင်ငံအတွက် ကြီးမားတဲ့ အကျိုးရှိတဲ့သူတွေကို အမေရိကန်ဗီဇာပေးမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ အလုပ်လုပ်ခွင့် ဗီဇာကြေးတွေ တိုးမြှင့်မှု အပါအဝင် အထောက်အထား မရှိသူတွေကို ပြည်နှင်ဒဏ်ပေးခဲ့တာ စတဲ့ လူဝင်မှုကြီးကြပ်ရေးက ထိထိရောက်ရောက် အရေးယူနေတဲ့ နောက်ပိုင်း အခုလို Gold Card ပေးဖို့ ဖြစ်လာတာပါ။

ဒီအစီအစဉ်ရဲ့ ဝက်ဘ်ဆိုက်မှာ အမေရိကန်နိုင်ငံကို အကျိုးပြုတယ်ဆိုတဲ့ သက်သေခံချက်အဖြစ် ဒေါ်လာ ၁ သန်း လိုအပ်မှာဖြစ်ပြီး အမေရိကန်မှာ နေထိုင်ခွင့်ရမယ်လို့ အာမခံထားပါတယ်။

စီးပွားရေးသမားတွေကတော့ ဒေါ်လာ ၂ သန်းပေးဖို့ လိုအပ်ပြီး ထပ်တိုးပေးဆောင်ရတာမျိုးတွေ ပါဝင်ပါတယ်။

Platinum ဗားရှင်းက ဒေါ်လာ ၅ သန်းဖြစ်ပြီး အထူးအခွန်သက်သာတာမျိုး ပါဝင်တယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Gold Card လျှောက်လွှာတင်ကြေး ဒေါ်လာ ၁၅,၀၀၀ သတ်မှတ်ထားပြီး အဲဒီငွေကို ပြန်ထုတ်ပေးမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

Gold Card အစီအစဉ် စတင်ကြေညာတဲ့ ဖေဖော်ဝါရီလတုန်းက ချမ်းသာတဲ့သူတွေကို မျက်နှာသာပေးတယ် ဆိုပြီး ဒီမိုကရက်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းက နိုင်ငံအများစု အပါအဝင် နိုင်ငံ ၁၉ နိုင်ငံကို အလည်လာခွင့် ပိတ်ပင်ထားတဲ့အပြင် asylum ခိုလှုံခွင့်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်တာတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်တုန်းက အတည်ပြုပေးခဲ့တဲ့ ထောင်နဲ့ချီတဲ့ သူတွေကိုလည်း ပြန်စိစစ်မယ်လို့ ဆိုပါတယ်။

ထရမ့်ပ်ဟာ စက်တင်ဘာလတုန်းကလည်း ပြည်ပကျွမ်းကျင်လုပ်သားတွေကို အလုပ်လုပ်ခွင့် ဒေါ်လာ ၁၀၀,၀၀၀ ကောက်ခံမဲ့ ကြေညာချက်မှာ လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

အဲဒီတုန်းက အမေရိကန်ကို အခုမှ လာရောက်မဲ့ ပညာရှင် အလုပ်သမားတွေအတွက်သာ ကောက်ခံတာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013