DVB Logo
Home
နိုင်ငံတကာ
မဲဆောက် ယာယီထိန်းသိမ်းရေးစခန်း၌ ဆူပူသောင်းကျန်းမှုဖြင့် တရုတ် ၁၅ ဦး အရေးယူခံရ 
DVB
·
December 11, 2025
မဲဆောက် ယာယီထိန်းသိမ်းရေးစခန်း၌ ဆူပူသောင်းကျန်းမှုဖြင့် တရုတ် ၁၅ ဦး အရေးယူခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ယာယီထိန်းသိမ်းရေးစခန်းမှာ ဒီဇင်ဘာ ၉ ရက် ညက ဆူပူသောင်းကျန်းမှုနဲ့ ပတ်သက်ပြီး ဦးဆောင်သူ တရုတ်အမျိုးသား ၁၅ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ကြောင်း Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းနဲ့ ကာစီနိုရုံတွေကို တာဝန်ရှိသူတွေက ဝင်ရောက်နှိမ်နင်းတာကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ နိုင်ငံခြားသားတွေကို သူတို့မိခင်နိုင်ငံဆီ ပြန်မပို့ခင် ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းရေးစခန်းမှာ ယာယီထားရှိပြီး စိစစ်နေတာဖြစ်တယ်။

ဆူပူမှုဖြစ်တဲ့နေရာဟာ အမှတ် ၂ ထိန်းသိမ်းရေးစခန်းမှာဖြစ်ပြီး လူပေါင်း ၃၂၅ ယောက် ရှိတယ်လို့ တာ့ခ်ခရိုင်လဝက ဒုရဲမှူးကြီး ချိန်းလွန်းရိမ်းဖဒီးက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းတာဝန်ရှိသူတွေက ဆူပူသောင်းကျန်းမှုဖြစ်တဲ့နေရာကို လျှပ်စစ်မီးဖြတ်တောက်ကာ မီးသတ်ကားက ရေနဲ့ပက်ပြီး ထိန်းချုပ်တယ်၊ အဲဒီနောက် ဘာသာပြန်နဲ့အတူ စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ ထိန်းသိမ်းရေးစခန်းကို ဖောက်ပြီး ထွက်ပြေးဖို့ ကြိုးစားတာလို့ သိရပါတယ်။

ဒီမတိုင်ခင်က အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ချိန်ယွိရှန် ဆိုသူ ဦးခေါင်းမှာ ဒဏ်ရာရတယ်၊ အဲဒီကတဆင့် ဆူပူမှုတွေဖြစ်ပြီး သူတို့ကို အမြန်ဆုံးပြန်ပို့ဖို့ တောင်းဆိုဆန္ဒပြတယ်။ အခန်းထဲက စီစီတီဗီကင်မရာ၊ စာရွက်စာတမ်း အထောက်အထား သိမ်းဆည်းရာ ဗီဒိုတွေ၊ တံခါးပေါက်နဲ့ ထိုင်ခုံတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တညလုံး စစ်ဆေးရေးလုပ်ပြီးတဲ့အခါ မနက် ၄ နာရီခွဲမှာ ဦးဆောင်သူ ၁၅ ယောက်ကို ဖမ်းဆီးလိုက်ပြီး ဒဏ်ရာရသူကိုတော့ ဆေးရုံပို့လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ၁၅ ယောက်ဟာ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်မှု၊ နိုင်ငံပိုင်ပစ္စည်း ဖျက်လိုဖျက်ဆီးလုပ်မှုနဲ့ အရေးယူခံရမှာဖြစ်ပြီး တည်ဆဲဥပဒေအရ နိုင်ငံတော်ပိုင်ပစ္စည်း ဖျက်ဆီးပါက ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၅၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ  ၂ မျိုးလုံး ကျခံရမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိန်းသိမ်းရေးစခန်းရှိ တရုတ်နိုင်ငံသားတွေ မိမိမွေးရပ်မြေ အမြန်ဆုံးပြန်ရဖို့ စီစဉ်ရေး ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ လဝက ဒုရဲမှူးကြီးက ပြောပါတယ်။

တာ့ခ်ခရိုင် မျက်နှာချင်းဆိုင် မြဝတီခရိုင်ထဲမှာ မြန်မာစစ်တပ်အာဏာပိုင်နဲ့ နယ်ခြားစောင့်တပ်က ကျားဖြန့်နှိမ်နင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေတာမှာ အဆိုပါနေရာက နိုင်ငံခြားသားတွေဟာ နယ်မြေထဲကနေ ထွက်ခွာနေကြပြီး ထိုင်းဘက်ခြမ်းကိုလည်း ရောက်ရှိလာတာပါ။

ဒီဇင်ဘာ ၁၀ ရက်ကလည်း မဲဆောက်မြို့နယ်၊ မဟာဝမ်းအုပ်စု ရပ်ကွက် ၁ ထဲမှာ သောင်ရင်းမြစ်ကို ဖြတ်ကျော်ထွက်ပြေးလာတဲ့ နိုင်ငံခြားသား ၅၅ ယောက်ကို ရာ့ချ်မနူး ထိုင်းစစ်တပ်က ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: MGROnline / Thai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013