DVB Logo
Home
မြန်မာသတင်း
အရပ်သားပြည်သူကာကွယ်မှု ဦးစားပေးဆောင်ရွက်ရန် UK တောင်းဆို
DVB
·
December 11, 2025
အရပ်သားပြည်သူကာကွယ်မှု ဦးစားပေးဆောင်ရွက်ရန် UK တောင်းဆို
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် UK အစိုးရအနေနဲ့ အလွန် ထိတ်လန့်မိကြောင်းနဲ့ မြန်မာနိုင်ငံတဝန်း ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ခံစားရသူတွေ အားလုံးနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ UK သံရုံးက ခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအတွက် UK အစိုးရရဲ့ အားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုရင်း အရပ်သားပြည်သူတွေကို ကာကွယ်မှုကို ဦးစားပေးဆောင်ရွက်ဖို့လည်း ဆက်လက်တောင်းဆိုထားတာပါ။

UK နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး ပြောရေးဆိုခွင့်ရှိသူက “ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကြုံတွေ့နေရသူများနဲ့ မိမိတို့ရဲ့ နိုင်ငံသားအချင်းချင်း အကာအကွယ်ပေးရန် ကြိုးပမ်းဆောင်ရွက်နေသူများနဲ့အတူ UK အစိုးရက တစည်းတလုံးတည်း ရပ်တည်ကြောင်း ပြောကြားလိုပါတယ်။ UK အစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြန်လည်ရွေးကောက်ခံရပြီးနောက် နိုင်ငံတကာမိတ်ဖက်များနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီဖြေရှင်းဖို့ ထားရှိတဲ့ မိမိတို့ရဲ့ ကတိကဝတ်တွေကို ထပ်လောင်း အတည်ပြုလိုပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ ရက် တရက်တည်းမှာ လေကြောင်းကနေ ၁၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့လို့ ပြည်သူ ၂၀ ထက်မနည်း သေဆုံးသလို အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်း ကုန်းရိုးကျေးရွာနဲ့ ဝင်းရံကျေးရွာဘက်ကို ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်သွားတာဖြစ်သလို နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာလည်း မုံရွာ နမခ ထဲကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စင်းနဲ့ အဲဒီကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ထပ်လုပ်ခဲ့တာပါ။

လတ်တလော မြန်မာနိုင်ငံဆိုင်ရာ UK သံရုံး ထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့အညီ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့၊ ပြည်သူတွေကို ပဋိပက္ခ အန္တရာယ်တွေကနေ အကာအကွယ်ပေးဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ လက်တွေ့အကောင်အထည်‌ဖော်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

စစ်အုပ်စုက တဖက်သတ်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း UK အစိုးရအနေနဲ့ မြန်မာနိုင်ငံသားများရဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ထားရှိတဲ့ ရည်မှန်းချက်များကို ဆက်လက်ထောက်ခံ ကူညီသွားမယ်လို့ ဆိုပါတယ်။ 

“လေးနက်ပြီး အဓိပ္ပာယ်ရှိတဲ့ ရွေးကောက်ပွဲဆိုတာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရန်နဲ့ သက်ဆိုင်ရာ အဖွဲ့အသီးသီးနဲ့ ဆွေးနွေးရန် လိုအပ်ပါတယ်။ ဝမ်းနည်းစွာပဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ထိုအခြေအနေတွေနဲ့ ကိုက်ညီတဲ့ အရိပ်အယောင် သို့မဟုတ် လွတ်လပ်ပြီး တရားမျှတမှု ရှိတယ်လို့ ယူဆရတဲ့နည်လမ်းနဲ့ ကျင်းပမဲ့အခြေအနေကို မတွေ့ရပါဘူး။  အခုလို အခြေအနေတွေကြားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ပိုမိုဆိုးရွားတဲ့ တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေနိုင်ရုံသာမက စစ်မှန်တဲ့ ဖြေရှင်းနည်းတွေနဲ့ ပိုမိုဝေးကွာ သွားမည်ကို UK အစိုးရက စိုးရိမ်မိပါတယ်။ မိမိတို့အနေနဲ့ ပြောင်းလဲဖြစ်ပေါ်မှုများကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး အရပ်သားပြည်သူများရဲ့ အသက်အိုးအိမ်ကို ဦးစားပေး ကာကွယ်ရန် မြန်မာစစ်တပ်အား တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Source: UK in Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013