DVB
စစ်ပွဲ၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်သွယ်ရေးပြတ်တောက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ရုန်းကန်နေရတယ်လို့ အီရန်မြို့တော် တီဟီရန်က ကုန်သည်တွေက ပြောပါတယ်။
အမေရိကန်အစိုးရက အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မဲ့ အစီအမံတွေ ပြင်ဆင်နေချိန်မှာ စီးပွားရေးဖိအားတွေ ထပ်ပေါ်လာမှာကို ကုန်သည်တွေက စိုးရိမ်နေကြတာပါ။
တီဟီရန်မြို့ Grand Bazaar ဈေးကြီးက ကုန်သည်တွေကတော့ ရောင်းအားကျတာနဲ့ မရေမရာမှုတွေ တိုးလာတယ်လို့ သြဂုတ် ၁၇ ရက်မှာ ထုတ်ဖော်ပြောပါတယ်။
စစ်ပွဲကာလ အခြေအနေတွေက စီးပွားရေးကို ပိုဆိုးရွားစေပြီး ဆိုင်ရှင်တချို့ကို စီးပွားရေးလုပ်ငန်းတွေကို စွန့်လွှတ်ဖို့ ဖိအားပေးနေတယ်လို့ ကုန်စုံဆိုင်ဝန်ထမ်း မစ္စတာ ဟက်ရှ်မာတီက ပြောပါတယ်။
သွင်းကုန်အပေါ် မှီခိုနေရတဲ့ ကုန်သည်တွေက ဟော်မုဇ်ရေလက်ကြား ပိတ်သိမ်းတာနဲ့ ဆက်စပ်တဲ့ ထောက်ပံ့ရေး ပြတ်တောက်မှုတွေ အကြောင်းကိုလည်း သတိပေးခဲ့ပါတယ်။
ရေလက်ကြားကို ပိတ်ထားလို့ ကုန်စည်တွေ မရောက်လာဘူးလို့ ကော်ဖီကုန်သည် ဗာဟစ် အာဆာရီ က ပြောခဲ့ပြီး သွင်းကုန်လမ်းကြောင်းတွေကို ဆက်ကန့်သတ်ထားရင် လာမဲ့လတွေမှာ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ ဖြည့်စွက်ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သြဂုတ် ၁၄ ရက်မှာ အီရန်ကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်မယ်လို့ ကတိပြုခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆန့်ထ်က အီရန်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မဲ့ အစီအမံတွေ ကြေညာနိုင်တယ်လို့ ပြောပါတယ်။
အီရန်ဟာ ကုန်းလမ်း စင်္ကြံတွေနဲ့ ကက်စပီယန်ပင်လယ် အပါအဝင် တခြားလမ်းကြောင်းတွေက တဆင့် ကုန်ပစ္စည်းတွေကို ဆက်သယ်ယူပို့ဆောင်ဖို့ ကြိုးစားနေပေမဲ့ အဲဒီလမ်းကြောင်းတွေကလည်း ဖိအားတွေ ရှိနေပါတယ်။
တံတားတွေကို တိုက်ခိုက်မှုတွေကြောင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကို အနှောင့်အယှက် ဖြစ်စေပြီး နိုင်ငံထဲကို ကုန်ပစ္စည်းတွေ သယ်ယူဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်နဲ့ အချိန်ကို တိုးမြင့်စေခဲ့ပါတယ်။
အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယံက ပြီးခဲ့တဲ့အပတ်က ဖိအားတွေကို ဝန်ခံခဲ့ပြီး တချိန်က သင်္ဘောနဲ့ ရောက်လာတဲ့ ကုန်ပစ္စည်းတွေဟာ အခုဆိုရင် ပိုရှည်ပြီး ပိုစျေးကြီးတဲ့ လမ်းကြောင်းတွေကို သွားလာနေရကာ ဈေးနှုန်းတွေ မြင့်တက်စေတယ်လို့ ပြောပါတယ်။
ရေနံရောင်းချမှု နည်းလာပြီး စီးပွားရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှုတွေကြောင့် အစိုးရဝင်ငွေ လျော့ကျသွားတယ်လို့ ပြောပါတယ်။
တိုးပွားလာတဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ အီရန်နိုင်ငံသား အများအပြားဟာ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေနဲ့ နောက်ထပ် ဘယ်လိုပိတ်ဆို့မှုတွေ ယူဆောင်လာနိုင်မလဲဆိုတဲ့ မရေမရာမှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်နဲ့ ညှိနှိုင်းမှုတွေအပေါ်လည်း သံသယဝင်နေကြဆဲ ဖြစ်ပါတယ်။
Source: Reuters











