
တောင်ကိုရီးယားအခြေစိုက် ကူးဖန် အွန်လိုင်းစီးပွားရေး ကုမ္ပဏီဟာ ဒီနှစ်ပိုင်းတွေအတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံး ဒေတာခိုးယူမှုကို ခံခဲ့ရပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ ဆိုးလ်မြို့တော်ရှိ ကူးဖန်ရုံးချုပ်ကို ဝင်ရောက်စီးနင်းစစ်ဆေးခဲ့တယ်လို့ ယွန်ဟက်ပ်သတင်းမှာ ဖော်ပြပါတယ်။
ကူးဖန် ဖောက်သည် ၃၃ သန်းလောက်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားမှုဖြစ်ပွားခဲ့ရတဲ့ အဲဒီဒေတာခိုးယူမှုကြောင့် သုံးစွဲသူတွေရဲ့ အမည်တွေ၊ အီးမေးလ်လိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေ၊ ပို့ဆောင်ရေး လိပ်စာတွေနဲ့ မှာယူမှုမှတ်တမ်းတချို့ကို ဖော်ထုတ်နိုင်ခဲ့ပေမဲ့ ငွေပေးချေမှု အသေးစိတ်အချက်အလက်တွေ သို့မဟုတ် အကောင့်ဝင်ရောက်မှု အချက်အလက်တွေတော့ မဖော်ထုတ်နိုင်ခဲ့ဘူးလို့ ကူးဖန် က ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာ တောင်ကိုရီးယားဝန်ကြီးချုပ် ဂင်မ်မင်ဆုခ်က ကူးဖန် မှ ကျူးလွန်တဲ့ ဘယ်လို ဥပဒေချိုးဖောက်မှုတွေကိုမဆို တွေ့ရှိပါက အစိုးရအနေနဲ့ ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်သွားမယ် လို့ ပြောကြောင်း ယွန်ဟက်ပ်သတင်းက ဆိုပါတယ်။
တယ်လီဖုန်း App နဲ့ အလွယ်တကူ အော်ဒါတင်နိုင်ပြီး "Rocket" အမြန်ပို့ဆောင်မှုတွေကို အသုံးပြုကြတဲ့ ကိုရီးယားလူမျိုးများစွာအတွက် ဝန်ဆောင်မှုတွေကို နေရာတိုင်းမှာ ရရှိနိုင်အောင် ဖန်တီးထားတာကြောင့် ၃ လပတ်ကာလအတွင်းမှာ အမှန်တကယ် အသုံးပြုနေသူ ၂၄.၇ သန်း ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ၏
ကူးဖန် ကုမ္ပဏီနဲ့ ဆိုးလ်ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်သေးပါဘူး။
Source:Reuters











