DVB Logo
Home
နိုင်ငံတကာ
Netflix ထက် စျေးပိုပေးပြီး Warner Bros အားဝယ်ယူရန် Paramount အပြိုင်ကမ်းလှမ်း
DVB
·
December 9, 2025
Netflix ထက် စျေးပိုပေးပြီး Warner Bros အားဝယ်ယူရန် Paramount အပြိုင်ကမ်းလှမ်း
Donate to DVB

Paramount Skydance ဖျော်ဖြေရေးကုမ္ပဏီကနေ Warner Bros Discovery ရဲ့ လုပ်ငန်းတွေကို ဝယ်ယူဖို့အတွက် Netflix နဲ့အပြိုင် ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Paramount ဘက်က Warner Bros ကုမ္ပဏီတခုလုံးကို ဒေါ်လာ ၁၀၈ ဒသမ ၄ ဘီလီယံနဲ့ တန်ဖိုးသတ်မှတ်ပြီး ကမ်းလှမ်းထားတာ တွေ့ရပါတယ်။

အဲဒီထဲမှာ ထရမ့်ပ်ရဲ့ သမက်ဖြစ်သူ ဂျရတ် ကုရှ်နာ ပိုင်ဆိုင်တဲ့ Affinity Partners လုပ်ငန်း အပါအဝင် ဆော်ဒီ၊ ကာတာနဲ့ ယူအေအီး လိုမျိုး အရှေ့အလယ်ပိုင်းဒေသက ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။

အခုလိုမျိုး ဘီလီယံ ရာနဲ့ချီ ကြွယ်၀တဲ့ အယ်လစ်ဆင် မိသားစုပိုင် Paramount ကော်ပိုရေးရှင်းကနေ Warner Bros ရှယ်ယာတခုကို ဒေါ်လာ ၃၀ နှုန်းနဲ့ ရှယ်ယာရှင်တွေဆီ တိုက်ရိုက်ကမ်းလှမ်းထားတယ်လို့လည်း ဆိုပါတယ်။

ရီပတ်ဘလစ်ကန် ပါတီအတွက် အကြီးအကျယ်လှူဒါန်းခဲ့တဲ့ လယ်ရီ အယ်လစ်ဆင်နဲ့ ဒေါ်နယ် ထရမ့်ပ် တို့ကြား ဆက်ဆံရေး ကောင်းမွန်တဲ့အလျောက် Paramount ရဲ့ ကမ်းလှမ်းချက်ဟာ ခိုင်မာသင့်လျော်တယ် ဆိုပြီး ရှုမြင်ထားကြပါတယ်။

ဒါပေမဲ့လည်း Warner Bros ကတော့ Netflix ဆီကို သူတို့လုပ်ငန်းတွေ ရောင်းချမယ့်အကြောင်း ဒီဇင်ဘာ ၅ ရက်မှာ ကြေညာထားပါတယ်။

ဒီသဘောတူညီချက်အရ Warner Bros ရဲ့ ကြွေးမြီတွေ အပါအဝင် HBO လိုမျိုး အွန်လိုင်းရုပ်သံကွန်ရက်တွေ (Streaming Network) နဲ့ ရုပ်ရှင်စတူဒီယိုတွေပါ ထည့်တွက်လိုက်ရင် စုစုပေါင်းဒေါ်လာ ၈၃ ဘီလီယံလောက် တန်ကြေးရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ထရမ့်ပ်က ကုရှ်နာနဲ့ ဆွေးနွေးထားတာမျိုး မရှိသေးဘူးလို့ ဆိုတဲ့အပြင် Netflix ရော၊ Paramount ကိုပါ သူ့ရဲ့ “မိတ်ဆွေတွေမဟုတ်ကြောင်း” မှတ်ချက်ပြုပါတယ်။

Warner Bros နဲ့ Paramount တို့ ပေါင်းစည်းတဲ့အခါ သူတို့ထက် လုပ်ငန်းအရွယ်အစား ကြီးမားတဲ့ Netflix နဲ့ Disney လိုမျိုး ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်တာကြောင့် ပိုပြီးသင့်တော်တယ်လို့ လေ့လာသူတွေအနေနဲ့ သုံးသပ်ထားပါတယ်။

လောလောဆယ် Warner Bros ဘက်က ကမ်းလှမ်းချက်တွေကို ပြန်လည်စိစစ် သုံးသပ်နေပေမဲ့လည်း ရပ်တည်ချက် ပြောင်းလဲဖို့ရာ မရှိသေးဘဲ အလုပ်ဖွင့်ချိန် ၁၀ ရက်အတွင်း အကြောင်းပြန်မယ်လို့သာ တုံ့ပြန်ထားပါတယ်။

တချိန်တည်းမှာ Netflix ဟာ အခပေးကြည့်ရှုသူ (Subscribers) သန်းပေါင်း ၃၀၀ ကျော်နဲ့ ကမ္ဘာ့အကြီးမားဆုံး Streaming ကုမ္ပဏီအဖြစ် ရှိနေတဲ့အလျောက် ဟောလိ၀ုဒ်အပေါ်  လက်ဝါးကြီးအုပ်နိုင်ခြေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

နောက်ဆက်တွဲအဖြစ် ဒီဇင်ဘာ ၈ ရက်နေ့အတွင်း Warner Bros နဲ့ Paramount ရဲ့ ရှယ်ယာတန်ဖိုးဟာ ၄ ရာခိုင်နှုန်းကျော်နဲ့ ၉ ရာခိုင်နှုန်းစီ ခုန်တက်သွားခဲ့ပြီး Netflix ကတော့ ၃ ရာခိုင်နှုန်းနဲ့အထက် ကျဆင်းသွားတာကို တွေ့ရပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013