DVB Logo
Home
မြန်မာသတင်း
နတ်ရေကန်ဗျူဟာကို တပ်ကူနှင့် ရိက္ခာ ဆက်တိုက်ပို့၊ ရိုးမပေါ်တွင် တိုက်ပွဲဆက်နေ
DVB
·
December 8, 2025
နတ်ရေကန်ဗျူဟာကို တပ်ကူနှင့် ရိက္ခာ ဆက်တိုက်ပို့၊ ရိုးမပေါ်တွင် တိုက်ပွဲဆက်နေ
Donate to DVB

စစ်ကောင်စီက နတ်ရေကန်ဗျူဟာဘက်ကို တပ်ကူနဲ့ရိက္ခာ ဆက်တိုက်ပို့နေပြီး တော် လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ဒီဇင်ဘာလဆန်းပိုင်းထဲ ရိုးမပေါ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းပေါ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေဆီ ပဒါန်း အခြေစိုက် မစခ-၉၀၅ ကနေ တပ်ကူတွေ ပေးပို့နေတာကြောင့် ဒီဇင်ဘာလဆန်းပိုင်းထဲ ရိုးမပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေးရင်းမြစ်နဲ့ ဒေသခံက ပြောပါတယ်။

စစ်တပ်က နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကား ၂ စီး၊ ဒီဇင်ဘာ ၄ ရက်နေ့လောက်မှာတော့ လမ်းဟောင်း ဘက်ကို ကား ၃ စီး၊ လမ်းသစ်ဘက်ကို ကား ၅ စီး စုစုပေါင်း ကား ၁၀ စီးထပ်မနည်းသုံးပြီး တပ်ကူ၊ ရိက္ခာနဲ့ ခဲယမ်းတွေ ပေးပို့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

ဒါကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ကြိုကြားဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ရှေ့တန်းနဲ့နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“တပ်တွေက အပေါ်မှာတော့ ဖွဲ့စည်းပုံပျက်တဲ့တပ်တွေက များတယ်။ ခမောက်တောင်ဘက်မှာလည်း၊ ဒီလမ်းသစ်ဘက်မှာလည်း ထိတွေ့မှုဖြစ်တယ်၊ လမ်းဟောင်းဘက်မှာလည်း ထိတွေ့မှုဖြစ်တယ်။ အများအားဖြင့် လမ်းဟောင်းက ပဇီထိပဲ ဒီကောင်တွေ တက်လို့ရတယ်လေ။ လမ်းသစ်လည်း အဲလိုပဲ လမ်းသစ်ကြတော့ မြေလတ်ထိပဲ တက်ရတယ်။ မြေလတ်အထက်ဆို ဂုတ်ကြီးတောင်မရောက်ပါဘူး။ ခမောက်တောင်ထိပဲ တက်လို့ရတာပေါ့။ ခမောက်တောင်မှာ ဒီကောင်တွေ ရှိသေးတာကို။ မနေ့ကလည်း ခမောက်‌တောင်ကို Y 12 နဲ့ အထုပ်တွေ၊ ရိက္ခာလာချသွားသေးတယ်။”

အလားတူ စစ်တပ်က နတ်ရေကန်ဗျူဟာစီကိုလည်း ရက်ခြားဆိုသလို လေကြောင်းကနေ ရိက္ခာထုပ်တွေ ချပေးနေတယ်လို့ ဆိုပါတယ်။

အခုလို တိုက်ပွဲတွေပြန်ဖြစ်တာကြောင့် ပဒါန်းအခြေစိုက် အမြောက်တပ်တွေကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရသလို တိုက်လေယာဉ်တွေ ဖြတ်ပျံတာလည်းရှိတယ်လို့ ငဖဲဒေသခံ တယောက်က ပြောပါတယ်။

“ဒီ  အခု ၂ ရက်၊ ၃ ရက်မှာတော့ နည်းနည်းစိပ်တယ်။ ၃ ရက်၊ ၄ ရက်၊ ၁ ပတ် အဲလောက်ရှိသွားပြီ။ တနေ့ကို ၄၊ ၅၊ ၆ ချက် အဲလိုမျိုး၊ အမြောက်သံ အဲလိုမျိုးကြားရတယ်။ ကားတက်တာ‌တော့ တွေ့တယ်။ တခါဆို ၂ စီး၊ ၃ စီးတက်တယ်။ တခါတလေ ၃၊ ၄ စီး။ တခါတလေ ၁ စီး၊ ၂ စီး အဲလိုမျိုး။ တွေ့ပါတယ်။ အဲဒါတော့ တရက်ခြား ၂ ရက်ခြားဆိုသလို တွေ့တယ်။ လမ်းက လမ်းဟောင်းက သွားသွား၊ လမ်းသစ်ကသွားသွား ပဒါန်းဖြတ်ပြီးမှ သွားလို့ရတာဆိုတော့ ပဒါန်းကဖြတ်တာတွေကို တွေ့တယ်လေ။”

လက်ရှိ အမ်း-ပဒါန်း ရိုးလမ်းပေါ်မှာ နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းအားလုံးနီးပါးကို AA နဲ့မဟာမိတ်တွေက ထိန်းချုပ်ထားကြောင်း သတင်းရင်းမြစ်တွေကပြောသလို အခုရက်ပိုင်းထဲ စစ်ကောင်စီ တပ်သား ၄ ယောက် အလင်းဝင်ကာ၊ ထွက်ပြေးလာသူ ၃ ယောက်ကိုလည်း ဖမ်းဆီးရမိကြောင်း PRA -မကွေး က ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

နတ်ရေကန်တိုက်ပွဲနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ဘက်ကလည်း အသေးစိတ် ထုတ်ပြန်တာမရှိပေမဲ့ ဝန်းရံပိတ်ဆို့ထားတဲ့အကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က အသိပေးခဲ့ပါတယ်။ 

ဒါကြောင့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေပါသုံးပြီး စစ်ကူ၊ ရိက္ခာနဲ့ ခဲယမ်းတွေ ပို့ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013