DVB Logo
Home
နိုင်ငံတကာ
ထိုင်းနှင့် ကမ္ဘောဒီးယား ပစ်ခတ်မှုပြန်ဖြစ်၊ ပြည်သူ ၄ သိန်းခန့် စစ်ဘေးရှောင်
DVB
·
December 8, 2025
ထိုင်းနှင့် ကမ္ဘောဒီးယား ပစ်ခတ်မှုပြန်ဖြစ်၊ ပြည်သူ ၄ သိန်းခန့် စစ်ဘေးရှောင်
Donate to DVB

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နိုင်ငံတကာအသိသက်သေတွေရှေ့ အပစ်အခတ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပေမဲ့ ဒီဇင်ဘာ ၇ ရက် ညနေနဲ့  ဒီဇင်ဘာ ၈ ရက် ဒီနေ့ မနက်မှာ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့လို့ သိန်းနဲ့ချီတဲ့ နယ်စပ်နေပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ 

ဒီဇင်ဘာ ၇ ရက် မနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ ထိုင်းနိုင်ငံ၊ ဆီစကစ်ခရိုင်၊ ကန်ထရာရတ်မြို့နယ်၊ ဖူးဖာလိတ်တောင် ဖလန်းဟင်ပက်ကွန့်ဒေသမှာ ကမ္ဘောဒီးယားဘက်က လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်လာတာကြောင့် နှစ်ဘက်ပစ်ခတ်မှုတွေရှိခဲ့တယ်၊ ထိုင်းစစ်သား တယောက်က ပေါင်မှာ၊ နောက်ထပ်တယောက်က ရင်ဘတ်မှာထိမှန်တယ်၊ ရင်ဘတ်မှာ ထိမှန်သူဟာ ကျည်ကာအင်္ကျီ ဝတ်ထားတာကြောင့် အသက်ဘေးမှ လွတ်ကင်းခဲ့တယ်လို့  ထိုင်းစစ်တပ် တိုင်းဒေသ ၂ က ထုတ်ပြန်ပါတယ်။

နှစ်ဘက်တပ်ဖွဲ့ဝင်တွေဟာ တညလုံး အင်အားဖြည့်တင်းကာ စစ်ရေးပြင်ဆင်နေကြတယ်၊ ဒီနေ့ မနက် ၃ နာရီလောက်မှာ ကမ္ဘောဒီးယားဘက်က ဘူရီရမ်ခရိုင် ဘူရီရမ်လေဆိပ်နဲ့ ဆူရင်းခရိုင် ပရဆတ်ဆေးရုံကြီးတွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မနက် ၅ နာရီတကြိမ်၊ ၆ နာရီတကြိမ် ဥဘွန်းရာ့ချ်ဌာနီခရိုင်၊ နမ့်ယင်းမြိုနယ် အန်မာ့တောင်ကြား၊ မနက် ၇ နာရီက ချောင့်ဘုတ်တောင်ကြားနဲ့ ပွိုင့် ၆၇၇ တာမာ‌ရေးတောင်တို့မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ထိုင်းစစ်တပ်ဘက်က စစ်သည် ၂ ယောက် ကျဆုံး၊ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထိုင်းစစ်တပ် ထုတ်ပြန်ချက်ကို ကိုးကားပြီး ဝေါ့ခ်ပွိုင့်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မနက် ၇ နာရီ မိနစ် ၂၀ မှာ ထိုင်းစစ်တပ်က  F-16 တိုက်လေယာဉ်နဲ့ အန်မာ့တောင်ကြား တဘက်ကမ်းရှိ ကမ္ဘောဒီးယားတပ်စခန်းတွေရှိရာဘက်ကို  ဗုံးကြဲခဲ့တယ်။  မနက် ၈ နာရီခွဲလောက်မှာ ကမ္ဘောဒီးယားဘက်က BM21 လက်နက်ကြီးနဲ့ ဘူရီရမ်ခရိုင်၊ ဘန့်ကလောက်မြို့နယ်၊ ဆိုင်းထိုးနယ်မြေထဲကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

နယ်စပ်အခြေအနေ မတည်ငြိမ်မှုကြောင့် ဘူရီရမ်၊ ဆီစကစ်၊ စူရင်း၊ ဥဘွန်းရာ့ချ်ဌာနီ ခရိုင် ၄ ခုက ပြည်သူ ၄ သိန်းခန့် ထွက်ပြေးတိမ်းရှောင်နေပြီး လူပေါင်း ၃၅,၆၂၃ ယောက်ကတော့ အစိုးရက စီစဉ်ပေးတဲ့ ယာယီစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ခရိုင်ဆေးရုံကြီးတွေလည်း ပြင်ပလူနာလက်ခံမှုကို ယာယီပိတ်ပင်ထားသလို စာသင်ကျောင်းတွလည်း ပိတ်ထားပါတယ်။ 

ပညာရေးဝန်ကြီး နိုင်းနရီဖင်းယိုးဆင်ဝပ်က နယ်စပ်မတည်ငြိမ်မှုကြောင့် ပညာရေးပါ ထိခိုက်မှုရှိကြောင်း၊ လောလောဆယ် ဘူရီရမ်၊ ဆီစကစ်၊ စူရင်း၊ ဥဘွန်းရာ့ချ်ဌာနီနဲ့ ဆာကယောက်ရှိ စာသင်ကျောင်းပေါင်း ၆၅၀ နီးပါးကို အခြေအနေတည်ငြိမ်သွားသည်အထိ ယာယီ ပိတ်ထားဖို့ ညွှန်ကြားထားတယ်။ အဆိုပါစာသင်ကျောင်းတွေမှာ လိုအပ်ပါက စစ်ရှောင်စခန်းတွေဖွင့်လှစ်ဖို့ ခွင့်ပြုထားတယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီတခေါက် ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့  ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ဘယ်သူက အရင်စပစ်သလဲဆိုတာကို အပြန်အလှန်စွပ်စွဲနေကြပါတယ်။ 

ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ အစက အခင်းဖြစ်ပွားနေတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ၄ ခရိုင်ကို ကွင်းဆင်းစစ်ဆေးဖို့ ရှိပေမဲ့ ဒီနေ့မနက်မှာ ခရီးစဉ်ပြောင်းပြီး အစိုးရအိမ်တော်မှာ အမျိုးသားလုံခြုံရေးကောင်စီ၊ ကြည်း‌၊ ရေ၊ လေ တပ်ဦးစီးချုပ်၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ 

အဲဒီနောက် ထိုင်းနိုင်ငံဟာ အကြမ်းဖက်မှုတွေကို မလိုလားပေမဲ့ မိမိ အချုပ်အခြာ အာဏာပိုင်နဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာရင်တော့ ခံမှာမဟုတ်ဘူး၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ သတိကြီးစွာထားပြီး တုံ့ပြန်ရမှာဖြစ်တယ်။ အစိုးရအနေနဲ့ မိမိတပ်မတော်ရဲ့ အရည်အချင်းကို လုံးဝယုံကြည်တယ်၊ ပြည်သူတွေအနေနဲ့လည်း အမျိုးသားလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသူတွေကို ခွန်အားပေးစေလိုတယ်လို့ဆိုပါတယ်။

သတင်းတွေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်နဲ့ အစိုးရထုတ်ပြန်ချက်တွေသာ စောင့်ကြည့်ဖို့၊ လက်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံရေးအပြည့်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ညွှန်ကြားထားတယ်။ အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် စိတ်ချယုံကြည်ပါလို့ ထိုင်းဝန်ကြီးချုပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေးအခင်းဟာ ဒီနှစ် ဇူလိုင်လကုန်ပိုင်းမှာ ပြန်လည်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က အာဆီယံထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်ကို သက်သေထားပြီး အပစ်ခတ်ရပ်ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့က ပြီးခဲ့တဲ့အပတ်က ကမ္ဘောဒီးယား အစိုးရနဲ့ နီးစပ်သူတွေရဲ့ ထိုင်းနိုင်ငံရှိ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁၀,၀၀၀ ကျော်ကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ပတ်သက် တယ်ဆိုပြီး ဖမ်းဆီးသိမ်းဆည်းခဲ့ပြီးနောက် မနေ့က တိုက်ပွဲ စတင်ခဲ့တာပါ။ 

Source: Thairath /  ThaiPBS / Workpoint News / CH3 News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013