
ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က ကင်းလှည့်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကြားဖြတ်တိုက်ခိုက်ခဲ့လို့ ၁ ယောက် သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိတယ်လို့ Phyu Township People's Defense Organization (ဖြူးမြို့နယ် ပကဖ) က ဒီဇင်ဘာ ၅ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
လက်နက်ခဲယမ်းတွေသိမ်းဆည်းရခဲ့သလို ဖမ်းမိသူ ၂ ယောက်ကို စစ်ဆေးနေတုန်း သေနတ်လုပြီး ခုခံခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“ဖြူးမြို့နယ်ထဲက ဇေယျဝတီမြို့မှာရှိတဲ့ ဆားဂွန်းရွာ စစ်တပ်ဂိတ်ကနေ ကြပ်ကွင်းရွာဘက်ကို ကင်းလှည့်ဖို့ထွက်လာကြတဲ့ စစ်သားတွေကို ကြပ်ကွင်းတာဝါတိုင်နားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲထဲမှာ ၁ ယောက်သေတယ်။ လက်နက်ခဲယမ်းတွေနဲ့အတူ ၂ ယောက် အရှင်ဖမ်းမိပြီး စစ်ဆေးနေတဲ့အချိန် သေနတ်လုပြီးခုခံမယ်လုပ်လို့ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်ဆိုတော့ ၃ ယောက်သေတာပေါ့ဗျာ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းကနေ G3 သေနတ် ၁ လက်၊ G4 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခုနဲ့ ကျည် ၁၅ တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖြူးမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူတယောက်က “တိုက်ခိုက်မှုက နာရီဝက်လောက်ပဲ ဖြစ်ခဲ့တာပါ။ အရှင်မိတဲ့ ၂ ယောက်က မြင့်ကြည် နဲ့ ကြည်တင် ပါ။ သူတို့ကိုအရှင်မိလာတဲ့အခါမှာ မစ်ရှင်ထဲမှာပါတဲ့ ကျနော်တို့တပ်စုမှူးတယောက်က စစ်ဆေး မေးမြန်းနေတုန်းမှာပဲ သူတို့ ၂ ယောက်လုံးက သေနတ်ပြေးဆွဲပြီးထွက်ပြေးလို့ ပစ်ခတ်လိုက်ရတာ ၂ ယောက်လုံးသေသွားတယ်။ အလောင်းတွေကိုတော့ အဲဒီနေရာမှာပဲ ထားခဲ့လိုက်တယ်။ အဲဒီထဲမှာပါတဲ့ ကြည်တင် က ဖြူး ခမရ ၃၀၆ ကနေ တပ်ကြပ်ကြီးရာထူးနဲ့ အာဏာမသိမ်းခင်က ပင်စင်ယူပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပျူစောထီးခေါင်းဆောင် ဝင်လုပ်တယ်။ မသေခင်အထိ တံခွန်တိုင်ဂိတ်နဲ့ ဆားဂွန်းဂိတ်တွေမှာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်လုပ်နေပြီး ခရီးသွားပြည်သူတွေဆီကနေ နည်မျိုးစုံနဲ့ ငွေကြေးတောင်းခံနေသူဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း ဖြူးမြို့နယ် ပကဖ ရဲဘော်တွေဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တာမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ဖြူးမြို့နယ်အတွင်းမှာ စစ်ဆင်ရေးအရှိန်တွေတိုးမြှင့်သွားတော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီဂိတ်တွေအပြင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ အနီးကပ်နေထိုင်တာတွေ မလုပ်ကြဖို့လည်း ဖြူးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။











