DVB Logo
Home
Lead Story
ယုံကြည်မှုရဖို့ နိုင်ငံတွင်းမှာ လူမျိုးရေးတန်းတူမှုမရှိတာကို အစိုးရက လက်ခံရမယ် - မိဆူးပွင့်
DVB
·
December 12, 2014
ယုံကြည်မှုရဖို့ နိုင်ငံတွင်းမှာ လူမျိုးရေးတန်းတူမှုမရှိတာကို အစိုးရက လက်ခံရမယ် - မိဆူးပွင့်
Donate to DVB

ပြည်သူအားလုံးတာဝန်ခံနိုင်တဲ့ နိုင်ငံရေးစနစ်တခုကို ရောက်ဖို့ လူထုအခြေပြုအဖွဲ့ အစည်းတွေ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ အင်မတန်အရေးကြီးတယ်ဆိုတာ ခေါင်းဆောင်တွေ မမေ့ဖို့လိုတယ်လို့ အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ မိဆူးပွင့်က သတိပေးပြောဆိုပါတယ်။

တိုင်းပြည်မှာ လူမျိုးရေးအရ တန်းတူရေးမရှိတဲ့ ပြဿ   နာ ရှိတယ်ဆိုတာကို အစိုးရဘက်က လက်မခံတဲ့ အခြေခံပေါ်မှာ ရပ်တည်ဖြေရှင်းနေတဲ့အတွက် တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆွေးနွေးပွဲတွေမှာ ယုံကြည်မှုတည်ဆောက်ရတာ တော်တော်ခက်ခဲနေကြောင်း သူ့အမြင်ကို ပြောပါတယ်။

လတ်တလော ထိပ်သီးဆွေးနွေးပွဲဖြစ်အောင်ကြိုးပမ်းနေမှု။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ နိုင်ငံရဲ့ လူဦးရေ တ၀က်ကျော်ရှိတဲ့ အမျိုးသမီးတွေ၊ လူငယ်အင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်လို့ ABSDF ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ မိဆူးပွင့်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တစ်ဆို့မှုကို အဖြေရှာဖို့  ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ခြောက်ပွင့်ဆိုင်တွေ့ဖို့ဆုံးဖြတ်သလို သမ္မတက ၁၄ ပွင့်လို ပိုမိုကျယ်ပြန့်စွာနဲ့ တွေ့ဆုံဖို့ ပြောနေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေ အခန်းကဏ္ဍ မမြင်ရဘူး။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။

“လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ဆိုတာတွေနဲ့ပတ်သက်လို့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်ဖို့အတွက် အင်အားစုတွေအားလုံးကနေ တတ်နိုင်သလောက် ကိုယ့်စဉ်းစားပြီးတော့ အကြံပေးချက်တွေ ပေးနေကြတာပေါ့နော် အဲဒီလိုပဲ ကျမတို့က မြင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ သွားဖို့ဆိုလို့ရှိရင်တော့ ဘယ်လိုပဲစစပေါ့နော် စလာတဲ့အခြေခံတွေအပေါ်မှာ ကျမတို့က မှန်မှန်ကန်ကန် စောင့်ကြည့်ပြီးတော့၊ အကဲခတ်ပြီးတော့ အားပေးသွားနိုင်တဲ့အနေအထားတွေ ရှိပါတယ်။

[caption id="attachment_73625" align="alignright" width="366"]မိဆူးပွင့် မိဆူးပွင့်[/caption]

“ဒါပေမယ့် တချိန်ချိန်မှာကတော့ ဘာပဲပြောပြော ကျမတို့ အနှေးနဲ့အမြန်ပေါ့နော်၊ အမြန်ဆုံး အားလုံးပါဝင်တဲ့ နိုင် ငံရေးဆွေးနွေးပွဲကြီး တခု ဖြစ်ဖို့အတွက်က အခု လတ်တလော အရေးကြီးတဲ့ အင်အားစုတွေပေါ့နော် လွှတ်တော်၊ အစိုးရ၊ စစ်တပ်နဲ့ ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင် တဲ့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ စဉ်းစားသွားဖို့ လိုတဲ့ဟာတွေ ရှိသလို၊ ဒီလွှတ်တော်တွင်းလို့ စဉ်းစားနေတဲ့အနေအထားကနေ တဖြည်းဖြည်း လွှတ်တော်ပြင်ပဆိုတာတွေ ပါလာမယ်။

“လွှတ်တော်ပြင်ပဆိုရင် လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့နော် ယုံယုံကြည်ကြည်နဲ့ ယုံကြည်မှုတွေ အမြန်ဆုံးတည်ဆောက်နိုင်ပြီးတော့ ဆွေးနွေးပွဲတွေ ချောချောမွေ့မွေ့ပိုပြီး ရောက်လာနိုင်တဲ့အဆင့်တွေ ရောက်ဖို့လိုသလို လူငယ်အင်အားစုတွေ၊ အမျိုးသမီးအင်အားစုတွေ၊ civil society (လူထုအခြေပြုအဖွဲ့အစည်း) လူ့အသိုင်းအ၀ိုင်းကောင်းဖို့အတွက် အင်တိုက်အားတိုက် စေတနာမှန်မှန်နဲ့ ကိုယ်ကျိုးစွန့်ပြီး ၀င်လုပ်နေတဲ့ အင်အားစုတွေ ပါဝင်လာအောင်လည်း အမြန်ဆုံး ဖိတ်ခေါ်သွားနိုင်မှသာလျှင် ကျမတို့ အနာဂတ်၊ ကျမတို့လျှောက်ချင်တဲ့ ငြိမ်းချမ်းရေးခရီး၊ ဒီမိုကရေစီခရီးက ပိုပြီး  မြန်မြန်ပြည့်စုံမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

အခုလွှတ်တော်ပြင်ပက ဖယ်ထားခံရတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံပြင်ရေးတင်မကဘဲ ကျန်ကဏ္ဍတွေမှာပါ ဘယ်လောက်ထိအောင် အရေးပါတယ်လို့ သုံးသပ်ပါသလဲ။

“အဓိကကတော့ တိုင်းပြည်တခု တိုးတက်ဖို့အတွက်၊ တကယ်ပဲအောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံတော်တခုကို တည်ဆောက်ဖို့ဆိုလို့ရှိရင် လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့အင်အား၊ စွမ်းအားပေါ့၊ သူတို့ရဲ့ပါဝင်မှု၊ သူတို့ရဲ့ ဒီနိုင်ငံပေါ်ထားတဲ့ စေတနာနဲ့ လုပ်ဆောင်မှုတွေ၊ အဲဒါတွေကို အများဆုံး အစွမ်းကုန် လမ်းဖွင့်ပေးနိုင်ဖို့လိုတယ်။ အဲဒီလို ပါဝင်မှုမရှိဘူးဆိုလို့ရှိရင် ဒီတိုင်းပြည်ကတော့ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးအတွက် သွားနေတယ်ပြောပြော၊ ဒီမိုကရေစီရေး လျှောက်နေတယ်ပဲ ပြောပြော နှောင့်နှေးကြန့်ကြာမှုတွေ၊ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရမှာဖြစ်တယ်။

“အဓိကက ပြည်သူလူထုတွေ အားလုံးတာဝန်ခံနိုင်တဲ့ နိုင်ငံရေးစနစ်တခုကို ရောက်ဖို့ဆိုရင် ပြည်သူလူထုကို အခြေခံတဲ့ လူထုအခြေပြုအဖွဲ့အ စည်းတွေရဲ့ သဘောထားတွေ၊ အမြင်တွေ၊ လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ပြီးတော့ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးထားဖို့က အင်မတန်အရေးကြီးတယ်ဆိုတဲ့ ဟာကို ကဏ္ဍအသီးသီး၊ အုပ်စုအသီးသီးမှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ မမေ့ဖို့လိုတယ်လို့ ကျမပြောချင်တယ်။”

ဗမာပြည်ပြသနာ မဖြေရှင်းနိုင်တဲ့အတွက် နယ်စပ်ဒုက္ခသည်တွေဘ၀အခြေနေကို နယ်စပ်တကြောမှာကော၊ ဆယ်စုနှစ် နှစ်စုကြာ ကျင်လည်တဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး မြင်သာအောင် ပြောပြပါ။ ကလေးသူငယ်တွေ ပညာရေး။ ကျန်းမာရေး ထိခိုက်နစ်နာမှုတွေ။

“ကျမတို့ ဒီနေ့ပေါ့နော် အင်အားစုအသီးသီးက ဒီတိုင်းပြည်အပြောင်းအလဲဖြစ်ဖို့အတွက် ကြိုးစားနေကြတယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ဆောင်နေခြင်းက ဒီနေ့၊ မနက်ဖြန်မှာ ဒီအသီးအပွင့်ကို ကျမတို့ ခံစားရမှာမဟုတ်ဘူး။ လာမယ့်အနာဂတ် ကျမတို့တိုင်းပြည်မှာ ဒီနေ့ကလေးတွေပေါ့၊ နောင်တချိန်မှာ တိုင်းပြည်ခေါင်းဆောင်ဖြစ်မယ့် ကလေးတွေရဲ့ဘ၀တွေအတွက် အကောင်းဆုံးဖြစ်အောင်လို့ အဖြေရှာနေကြတာပဲလို့ ယုံတယ်။

“ဒါကြောင့်မို့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကြန့်ကြာနေတာနဲ့အမျှ ဒီစစ်ပွဲတွေက ထပ်ကာ ထပ်ကာဖြစ်ပြီးတော့ ယုံကြည်မှုတွေက တည်ဆောက်နိုင်တဲ့ အဆင့်ကို မရောက်ဘဲနဲ့ ပြန်ပြန်လျောကျသွားတဲ့ကိစ္စတွေက တကယ်ပဲ ဒီဒုက္ခသည်စခန်းတွေမှာ ရွာပုန်းရွာရှောင်ပြည်သူပြည်သားတွေ၊ တိုင်းရင်းသားဒေသတွေမှာ နောက်ပြီးတော့ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေ။ အထူးသဖြင့်ပေါ့နော် လူဦးရေထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေရဲ့ ဘ၀တွေ ဒါတွေအားလုံးကို ရိုက်ခတ်နေတယ်။ ဒီလိုအနေအထားတွေကို အမြန်ဆုံး ကုစားပေးဖို့ လိုနေတယ်။

“ဒီအတွက် ကျမတို့ တိုင်ပြည်ရဲ့အနာဂတ်မှာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်မယ်။ ဒီမိုကရေစီနိုင်ငံတော်ဖြစ်အောင် ၀ိုင်းပြီးတည်ဆောက်ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆိုလို့ရှိရင် ဒါကို အမြန်ဆုံး လက်တွေ့ပြဖို့လိုတယ်။ အဓိကအချက်က ကျမတို့ တိုင်းပြည်မှာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကာလမှာ ဖြစ်ခဲ့တဲ့ ပြဿ နာတွေကို ဘယ်သူ့မှာတာဝန်ရှိသလဲ။ တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့။ ဒီအပေါ်မှာ ဒါတွေဟာ ကျနော်တို့အနေနဲ့ ဒါတွေဟာ မှားယွင်းခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့တာတွေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ဖို့ကြိုးစားသွားပါ့မယ်ဆိုတဲ့ တာဝန်ခံမှုပေါ့။ အဓိကက ဒီတာဝန်ခံမှုတွေက အရေးကြီးဆုံးပဲလို့ မြင်တယ်။ တာဝန်ခံမှုမရှိဘူးဆိုရင်တော့ ကျမတို့က ဒါက ဘာ့ကြောင့်ဖြစ်ခဲ့သလဲဆိုတဲ့အပေါ်မှာ ပြန်ပြီးတော့ အချင်းချင်း မယုံကြည်မှု သံသယတွေနဲ့ သူ့ကြောင့်၊ ငါ့ကြောင့် လက်ညှိုးပြန်ထိုးပြီးတော့ ဒီအခြေအနေကို ဖြတ်ကျော်ဖို့ အင်မတန်ခက်ခဲမှာဖြစ်တယ်လို့ ကျမမြင်တယ်။”

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ဖြေရှင်းဖို့ပဲဖြစ်ဖြစ် တဖက်နဲ့တဖက် ယုံကြည်မှုက အားရလောက်စရာ မတွေ့ရသေးဘူး။ ဒီ ယုံကြည်မှုရအောင် ဘယ်လို ချဉ်းကပ်သင့်တယ်လို့ မြင်သလဲ။

“လက်ရှိအစိုးရနဲ့ လက်ရှိ ဗမာ့တပ်မတော် စစ်တပ်အနေနဲ့ကတော့ ဒီတောက်လျှောက် ပြည်တွင်းစစ်သမိုင်းတလျှောက်လုံးမှာ ဖြစ်ပျက်ခဲ့တဲ့ ကျမတို့ရဲ့ သမိုင်းရဲ့ သင်ခန်းစာတွေကို ပြန်လည်ဆင်ခြင်အမှတ်ရ၊ ပြန်လည်ဆန်းစစ်စဉ်းစားပေါ့နော်။ ပြီးတော့မှ လက်ရှိ တော်လှန်ရေးအင်အားစုတွေအပေါ်မှာ အရင်တုန်းက မြင်တဲ့ သောင်းကျန်းသူ၊ အဖျက်သမားဆိုတဲ့ အမြင်ကနေပြီးတော့ ဖြစ်လာတဲ့ တုံ့ပြန်ပြောဆိုမှုတွေ၊ ဆက်ဆံမှုတွေ ဒီအနေအထားတွေအားလုံးကို တကယ်မသိစိတ်၊ သူတို့ရဲ့မသိစိတ်ထဲမှာ တောက်လျှောက်စွဲလာတဲ့ ဒီအစွဲအလမ်းတွေကို ဖျက်ပစ်ပြီးတော့မှ၊ လျော့ပါးအောင်လုပ်ပြီးတော့မှ ထိတွေ့ဆက်ဆံမယ်ဆိုရင် ပိုပြီးတော့မှ မြန်နိုင်တယ်လို့ ထင်တယ်။

“အခုဟာ နိုင်ငံတကာဖိအား၊ ပြည်သူလူထုဖိအားကြောင့်သာ ဒီနေ့ဒီအချိန်မှာ ငြိမ်းချမ်းရေးစားပွဲကို ရောက်လာတယ်ဆိုပေမယ့် မသိစိတ်တွေထဲမှာ ဒါဟာအကြမ်းဖက်သမား၊ သောင်းကျန်းသူဖြစ်တယ်ပေါ့နော်။ ကျမတို့တိုင်းပြည်မှာ လူမျိုးရေးအရ တန်းတူရေးမရှိတဲ့ ပြဿ    နာ ရှိတယ်ဆိုတာကို လက်မခံထားဘူး။ အဲဒီအပေါ်မှာ ဖြေရှင်းမှုတွေလည်း ဒီအခြေခံပေါ်မှာပဲ ဆက်သွားနေတဲ့အတွက် ယုံကြည်မှုတည်ဆောက်ရတာ တော်တော်လေးခက်ခဲနေတယ်လို့ ကျမအနေနဲ့ အဲလိုပဲမြင်ပါတယ်။”

အမြင်ရှိရင်းစွဲတွေပေါ်မှာ ဟိုဘက် ဒီဘက်ပြင်ဖို့လိုတာပေါ့နော်။

“ဟုတ်ကဲ့ ဒီလို ပြင်ဆင်နေတဲ့ကာလတွေကြာလာတာနဲ့အမျှ တဖက်မှာ ကျမတို့ စိတ်ပူလာတာကလည်း အမျိုးသားရေး၊ လူမျိုးရေးအရ လူမျိုးရေးဝါဒီတွေ ဥပမာ- ငါ ကချင်ပဲ၊ ငါ ဗမာပဲ၊ ငါ ရှမ်းပဲ ဆိုပြီးတော့ လူမျိုးရေးအရ မုန်းတီးမှုတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပိုပို ပိုပိုများလာပြီးတော့ တိုင်းပြည်ရဲ့အနာဂတ်တည်ဆောက်ဖို့အတွက် အချိန်တွေအင်မတန်ယူပြီး အခက်အခဲတွေ အများကြီး ပိုတွေ့လာမှာလည်း ကျမတို့က တဖက်မှာ စိတ်ပူပါတယ်။ ဒါကြောင့် ဒီလို အစွဲအလမ်းတွေကို လျော့ပြီးတော့မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ကျမတို့ ဒီဖြစ်စဉ်ကို အမြန်ဆုံး ဆက်သွားနိုင်ဖို့ လိုမယ်လို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013