
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာ ဘိလိယက်ခုံမှာ ဒီဇင်ဘာ ၃ ရက်က ဘိလိယက်ထိုးနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက်ကို ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်းမှာ ပြန်ခုခံတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဘိလိယက်ထိုးနေတဲ့ ခလရ ၂၅၇ က တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ဆိုသူကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ချိန် လမ်းမှာ လက်နက်လုယူပြီး ပြန်လည်ခုခံတာကြောင့် ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “သူ့ကိုတော့ ကျနော်တို့ ထောက်လှမ်းနေတာတော့ ကြာပြီ။ ကျူခုံမှာတော့ တခြားပြည်သူတွေလည်းရှိတယ်။ ဒီကောင်က အရပ်ဝတ်နဲ့လာပြီး ကျူထိုးနေတာ။ သူတယောက်တည်းဖြစ်နေတာနဲ့ သွားဖမ်းတာ။ ညနေပိုင်း ၄ နာရီလောက်မှာ သွားဖမ်းတာ။ အလောင်းကိုတော့ ည ၈ နာရီလောက်မှာ လာသယ်သွားတယ်။ အဲဒီနေ့က သူတို့ဘက်က ပစ်တာခတ်တာတော့ မရှိဘူးဗျ” လို့ DVB ကို ပြောပါတယ်။
တပ်ရေးဗိုလ်ကြီး ပစ်ခတ်ခံရပြီးနောက် မနေ့ ဒီဇင်ဘာ ၄ ရက် ညမှာ ခလရ ၂၅၇ ကနေ ရေစကြိုမြို့ တောင်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး ဆီကနေ ဆိုင်ကယ်တစီး၊ ဖုန်း ၃ လုံး၊ ငွေကျပ် ၃ သိန်း၊ မှန်ပုံတင် ၂ ခု သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။











