DVB Logo
Home
မြန်မာသတင်း
အင်ဒိုဆွေးနွေးပွဲ စစ်တပ်ကိုယ်စားလှယ်သီးခြားလာမည်ကို မသိခဲ့ဟု PNFC ပြော
DVB
·
December 4, 2025
အင်ဒိုဆွေးနွေးပွဲ စစ်တပ်ကိုယ်စားလှယ်သီးခြားလာမည်ကို မသိခဲ့ဟု PNFC ပြော
Donate to DVB

အင်ဒိုနီးရှားဆွေးနွေးပွဲကို အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ် သီးခြားလာရောက်မှာကို မသိထားကြောင်းနဲ့ Nation building (တိုင်းပြည်တည်ဆောက်ရေး) ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက DVB ကို ပြောပါတယ်။

စစ်တပ်က လာမယ်ဆိုတာ သိပါသလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ “မသိပါဘူး ကျနော်အနေနဲ့” လို့ ပြောပါတယ်။

ဒါအပြင် “လေ့လာဖို့ပါပဲ စစ်တပ်နဲ့တွေ့တယ်တို့၊ ဘာတို့ဆိုတာမဟုတ်ပါဘူး” လို့ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးက မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစုကို ဖိတ်ပြီး “အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေခြင်း” ခေါင်းစဉ်နဲ့ အလွတ်သဘော အလုပ်ရုံဆွေးနွေးပွဲတခုကို နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အတွင်း ပြုလုပ်ခဲ့တာပါ။

အဲဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ယူရိုဘားမားရုံးက ဦးဟန်ညောင်ဝေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဖြစ်တဲ့ KNU၊ CNF၊ PNLO၊ PNFC တို့ တက်ရောက်ခဲ့ကြောင်း ကနဦးသိရပြီး မြန်မာစစ်ကောင်စီတပ်က ဗိုလ်ချုပ်စိုးနိုင်ဦး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူးသံသမန်ရုံးအဖွဲ့ကမျှဝေတဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေကို လေ့လာတာနဲ့ အမြင်တွေ ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က “နှိုင်းယှဉ်ချက်နဲ့ပြောရရင်တော့ အဲဒီဟာတော့မြင်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာငြိမ်းချမ်းရေးရဖို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ကို စစ်တပ်က နိုင်ငံရေးကထွက်ရမယ်၊ အဲဒီအမြင်ပါပဲ။ ကျန်တာတွေကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့တည်ဆောက်မှုကို လေ့လာကြတယ်၊ ဆွေးနွေးကြတယ်။ အဲဒီလောက်ပါပဲ” လို့ ပြောပါတယ်။

NUCC ကလည်း ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ လုံးဝ မပါတာ သေချာမှပဲ အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်ပြီး ကိုယ်စားလှယ်စေလွှတ်ခဲ့တာလို့ ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ NUCC အနေနဲ့ တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ကတိကဝတ်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆက်လက် ကိုင်စွဲ ရပ်တည်သွားမယ်လို့ ဆိုထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013