
ထိုင်းနိုင်ငံတဝန်း ခရိုင် ၂၂ ခု၊ နေရာပေါင်း ၅၀ ကို စစ်ဆေးပြီး အကြီးစားကျားဖြ့န်ငွေလိမ်ဂိုဏ်း ၄ ခုရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁၀ , ၁၆၅ သန်းကို သိမ်းဆည်းခဲ့တယ်လို့ ထိုင်းနိုင်ငံ ဗဟိုရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက် ညနေပိုင်း သတင်းစာရှင်းပွဲမှာ ထုတ်ပြန်ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းနဲ့ ဗဟိုရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန၊ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တရားရေးဝန်ကြီးဌာနစတဲ့ အဖွဲ့ပေါင်းစုံက တာဝန်ရှိသူတွေဟာ မနေ့က စုပေါင်းပြီး သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့တာပါ။
အဖွဲ့ပေါင်းစုံ ပူးပေါင်းချိတ်ဆက်ပြီး “နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ် ( ကျားဖြန့်) အမြစ်နှုတ်ခြင်း” ဆိုတဲ့စီမံချက်နဲ့ ထိုင်းနိုင်ငံ ၂၂ ခရိုင် နေရာပေါင်း ၅၀ ရှိ ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ နေရာတွေ သွားရောက်စစ်ဆေးစီးနင်းကာ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့တယ်လို့ ဗဟိုရဲတပ်ဖွဲ့ ဒုရဲချုပ် ဆိုဖွန်း ဆန်ဖတ်က ပြောပါတယ်။
ဒီဖမ်းဆီးသိမ်းဆည်းမှု ဖြစ်လာရတဲ့အကြောင်းမှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစ အွန်လိမ်းငွေလိမ်ခံရလို့ နစ်နာဆုံးရှုံးသူပေါင်း ၇၀၀ ယောက်ရဲ့ အချက်အလက်တွေ စစ်ဆေးရာက စတင်ခဲ့တယ်၊ အဆိုပါ နစ်နာသူတွေဟာ ကျားဖြန့် အဖွဲ့ရဲ့ ပစ္စည်းလိမ်ရောင်းတာ၊ အလုပ်အကိုင်ကောင်း ရမယ်ဆိုပြီး လိမ်လည်တာ၊ အပလီကေးရှင်းနဲ့ လောင်းကစားထဲဝင်ခိုင်းတာ၊ ရင်းနှီးမြှုပ်နှံဖို့ စည်းရုံးတာ၊ ငွေချေးတာစသဖြင့် လိမ်နည်းအမျိုးမျိုးနဲ့ ဘဏ်ထဲကငွေတွေ ယူသွားတယ်။ အမည်ခံ ဘဏ်စာရင်းနံပါတ်တွေကနေ အဆင့်ဆင့် ငွေလွှဲရာမှာ နောက်ဆုံးတော့ အဓိကဂိုဏ်းချုပ်ထံ ရောက်သွားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ထိုင်း-ကမ္ဘောဒီးယား ၂ နိုင်ငံ မှတ်ပုံတင်ရှိသူ ကမ္ဘောဒီးယားအမျိုးသား Mr. Leak Yim ထံမှာဆိုရင် အလိမ်ခံရသူတို့ရဲ့ ငွေပေါင်း ဘတ် ၃ သန်း ကျော် စီးဝင်တယ်လို့ ဆိုပါတယ်။
ဒီတခေါက် ကျားဖြန့်ဂိုဏ်းနှိမ်နင်းရေးမှာ ပါဝင်ပတ်သက်သူပေါင်း ၄၂ ယောက်ကို ဖမ်းဝရမ်းထုတ်ခဲ့တယ်၊ ၂၉ ယောက်ကို ဖမ်းဆီးရမိပြီး ၁၃ ယောက် ထွက်ပြေးလွတ်မြောက်နေတယ်၊ အဲဒီထဲမှာ Mr. Leak Yim သူ့ဇနီး ထိုင်းအမျိုးသမီး နဲ့ Mr Smith Ben ( ကမ္ဘောဒီးယား ) တို့ ၃ ယောက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကတည်းက နိုင်ငံခြားကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ပိုင်ဆိုင်မှု သိမ်းဆည်းခံရတဲ့ အဓိကဂိုဏ်းကြီး ၄ ခုမှာ ကမ္ဘောဒီးယားနိုင်ငံကျားဖြန့်ရုံ၊ တိုက်တာ များပိုင်ရှင် Mr Kok An နဲ့ ဆက်နွှယ်တဲ့ ဂိုဏ်းမှ ဘတ်သန်းပေါင်း ၃၇၃ သန်းတန်ဖိုးရှိ ပစ္စည်း ၁၀၂ မျိုး၊ ကမ္ဘောဒီးယားအခြေစိုက် Prince Holding Group ကုမ္ပဏီမှ ဘတ်သန်းပေါင်း ၄၆၇ သန်း တန်ဖိုးရှိ ပစ္စည်း ၉၀ မျိုး၊ Mr. Leak Yim , ဇနီးသည်နဲ့ Mr Smith Ben တို့ရဲ့ BIC Group ကုမ္ပဏီမှ ဘတ်သန်းပေါင်း ၉၂၉၇ ရှိ ပစ္စည်း ၆၆ မျိုး၊ နိုင်းအွေ့အန်ကွန်း ဦးဆောင်တဲ့ ULELA MAX APP မှ ဘတ် ၄၆ သန်းတန်ဖိုးရှိ ပစ္စည်း ၃၁ မျိုး စသဖြင့် စုစုပေါင်း တန်ဖိုးသန်းပေါင်း ၁၀,၁၆၅ သန်းရှိတယ်။
အဆိုပါပစ္စည်းတွေထဲမှာ အိမ်ခြံမြေ၊ အဆောက်အအုံ၊ ဟိုတယ်၊ ကွန်ဒိုတိုက်ခန်း၊ ဇိမ်ခံကား စတဲ့အရာတွေအပြင် ဘဏ်ငွေစုစာရင်းစာအုပ် နဲ့ ငွေသားတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ကျားဖြန့်နှိမ်နင်းရေးစီမံချက်မှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အဖွဲ့အစည်းနဲ့ တာဝန်ရှိသူအားလုံးကို ချီးကျူးဂုဏ်ပြုတယ်၊ ဒီဆောင်ရွက်ချက်မှာအစိုးရအနေနဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို မျက်ကွယ်ပြုမထားဘဲ နှိမ်နင်းနေတယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်တယ်လို့ပြောပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ စီမံချက်မှာ ပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို အပြည့်အဝထောက်ခံပံ့ပိုးတယ်၊ ဒီအွန်လိုင်း လိမ်လည်မှုကို အစိုးရက အလေးထား ဆောင်ရွက်နေတယ်ဆိုတာကို ပြည်သူတွေအနေနဲ့လည်း စိတ်ချယုံကြည်မှုဖို့ ပြောလိုတယ်၊ ပြစ်မှုကျူးလွန်သူတွေကို ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူမယ်လို့ ပြောသွားပါတယ်။
သက်ဆိုင်ရာက သိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှုတွေဟာ ရက်ပေါင်း ၉၀ ထက်မပိုတဲ့ ယာယီသိမ်း ဆည်းမှုသာဖြစ်ပြီး အဲဒီပိုင်ဆိုင်မှုတွေဟာ အမှုနဲ့ မပတ်သက်ဘူးဆိုရင် ပိုင်ရှင်ဖြစ်သူနဲ့ အကျိုးတူပါဝင်သူတွေအနေနဲ့ အမိန့်ရပြီး ရက်ပေါင်း ၃၀ အတွင်း သက်သေအထောက်အ ထားနဲ့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံးမှာ လာရောက်တင်ပြနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် က ပြောသွားပါတယ်။
Source: Thaipost / CH3 TV News / Thai Police TV











