
အမေရိကန်ပြည်သူတွေရဲ့ ငွေကြေးနဲ့ ထောက်ပံ့တဲ့ ဘဏ္ဍာငွေတွေ မြန်မာစစ်ကောင်စီထံ မရောက်ရှိစေရေး ရည်ရွယ်တဲ့ မြန်မာအတွက် ရန်ပုံငွေသစ် မပေးရေး ဥပဒေကြမ်း (No New Burma Funds Act) ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး လွှတ်တော်အမတ်တွေက မြန်မာ့အရေးကို စနစ်တကျ ဆက်လက်ချဉ်းကပ်ဖို့ ကြိုးစားနေပါတယ်။
ဒေသစံတော်ချိန် နိုဝင်ဘာ ၂ ရက်နေ့မှာ No New Burma Funds Act ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့တာပါ။
ဆီးနိတ်အထက်လွှတ်တော်နဲ့ အမေရိကန်သမ္မတက လက်မှတ်ထိုးတဲ့အဆင့်တွေ ကျန်နေပေမဲ့ အချိန်တိုအတွင်း ဥပဒေအဖြစ် အတည်ပြုလာဖွယ်ရှိတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
No New Burma Funds Act ဟာ စစ်ကောင်စီကို ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက အဆက်အဆံမလုပ်ဖို့ ဖိအားပေးတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “အထက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဆိုလို့ရှိရင် သမ္မတဆီ လက်မှတ်ထိုးဖို့ သွားရမှာပေါ့လေ။ ဒီဥပဒေရဲ့ ထူးခြားချက်က တမျက်နှာပဲ ရှိတယ်ဗျာ။ အချေအတင် သိပ်ပြီးတော့ ငြင်းခုံဆွေးနွေးစရာမရှိဘူး။ အထက်လွှတ်တော်မှာလည်း သိပ်ပြီးတော့ ကြာမှာမဟုတ်ဘူးနဲ့ တူတယ်။ ဒီဥပဒေက ဘာမှ အသစ်ထပ်တောင်းတာ မဟုတ်ဘူး။ နဂိုတုန်းက လုပ်ထားပြီးသားဥစ္စာကို ဆက်ပြီးတော့လုပ်ဖို့ပဲ တောင်းတာ။ ကမ္ဘာ့ဘဏ်က စစ်တပ်ကို Project အသစ်တွေအတွက် အကူအညီမပေးပါနဲ့ ဆိုတာလေ။ သူများတွေ ပြောနေကြတာတော့ ဒီဇန်နဝါရီထဲမှာ Pass ဖြစ်နိုင်တယ် ပြောတယ်။ ကမ္ဘာပေါ်မှာ မြန်မာပြည်က စစ်တပ်ကို အရေးယူပြီးတော့ တော်လှန်ရေးဘက်ကို အကူအညီပေးဖို့ ဥပဒေပြုတာ အမေရိကန်တခုပဲ ရှိသေးတယ်။ အမေရိကန်လွှတ်တော်က စစ်အုပ်ချုပ်ရေးကို လုံးဝလက်မခံဘူး။ ပြည်သူတွေဘက်က ရပ်တည်တယ်ဆိုတာ ပြနိုင်တယ်လေ။ အရှည်ကတော့ ပြည်သူတွေရဲ့ စိတ်ဓာတ်က ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဆက်တိုက်သွားမှပဲရမယ်လို့ ထင်တယ်ဗျ။ ညီညီညွတ်ညွတ်နဲ့ တွဲပြီးတော့ အသုံးချတတ်လို့ရှိရင် ကျနော်တို့ ပိုအကျိုးရှိမယ်ဗျာ” လို့ ပြောပါတယ်။
Burma Act ကို ထည့်သွင်းဖော်ပြထားတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုခဲ့တာပါ။
Burma Act ကို အတည်ပြုပြီးနောက် လုပ်ငန်းအကောင်အထည်ဖော်ဖို့ No New Burma Funds Act၊ BRAVE Burma Act နဲ့ Burma GAP Act စတဲ့ ဥပဒေကြမ်း ၃ ခုကို အမတ်တွေက လွှတ်တော်ကို ထပ်မံတင်သွင်းပြီး ဥပဒေပြုနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန်လွှတ်တော်ရဲ့ လုပ်ရပ်ဟာ အချိန်ကြာမြင့်မှုတခု ရှိတယ်ဆိုပေမဲ့ နှစ်ပေါင်း ၇၀ ကျော် စစ်အာဏာရှင်လက်အောက် ရောက်ခဲ့တဲ့ မြန်မာပြည်အရေးကို ဥပဒေပြုပြီး စနစ်တကျ ချဉ်းကပ်နိုင်ဖို့အထိ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့မှ ခင်သီရိနန္ဒာစိုးက “Young Kim က နေပြီးတော့ အချက်အလက်တွေနဲ့ ထောက်ပြပြီးတော့ ပြောသွားတယ်။ အာဏာလုထားတဲ့ စစ်အုပ်စုအနေနဲ့ သတ်ဖြတ်တာဆိုရင် ၆,၀၀၀ နီးပါးရှိတယ်။ အခုအချိန်အထိ မလွှတ်သေးဘဲနဲ့ ဖမ်းဆီးထားတာတွေ ဆိုရင် ၂၀,၀၀၀ နီးပါးရှိတယ်၊ စသဖြင့်ပေါ့နော်။ အချက်အလက်တွေနဲ့ သူက ပြောလိုက်တဲ့အခါမှာ အဲဒီဥပဒေက အတည်ပြုသွားတယ်ပေါ့နော်။ ဒီဟာတွေကို ကြည့်မယ်ဆိုရင် မြန်မာပြည်ရဲ့အရေးကို သေချာနားလည်ပြီးတော့ ပြည်သူလူထုကို ကူညီချင်တယ်။ နောက်တခါ နိုင်ငံရေးအရလည်းပဲ အဓိက အမေရိကန်နိုင်ငံရဲ့ သူတို့လက်စွဲစကား၊ သူတို့ရဲ့ တန်ဖိုးထားမှုက ဒီမိုကရက်တိုက်ဇေးရှင်းကို လုပ်တာပေါ့နော်။ တကယ်ကို စနစ်တကျနဲ့ လုပ်သွားမယ့် သဘောတွေကို ဆောင်တယ်ပေါ့။ ဆက်ပြီးတော့ ဒါတွေကို တိုးပွားအောင် လုပ်နိုင်အောင်လို့ ကြိုးပမ်းဆောင်ရွက်ကြရမယ် ဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
Burma Act ကို အကောင်အထည်ဖော်ဖို့ လွှတ်တော်အမတ်တွေ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း ၃ ခုထဲက Burma GAP Act ဥပဒေကြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအတွက် လူသားစာနာအကူအညီပေးဖို့၊ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်ဖို့၊ ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံး ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
BRAVE Burma Act ဥပဒေကြမ်းမှာတော့ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီထောက်ပံ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့မှုတိုးမြှင့်ရေး၊ စစ်ကောင်စီ အာဏာသိမ်းကာလ တလျှောက်လုံးမှာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ဆက်စပ်မှုကို တားဆီးရေး၊ စစ်ကောင်စီကို စီးပွားရေးအရ ပံ့ပိုးသူတွေကို အမေရိကန်က ဖိအားပေးမှုမြှင့်တင်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
လတ်တလော အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ No New Burma Funds Act ဥပဒေကြမ်းကတော့ အတိုဆုံးနဲ့ အရှင်းဆုံး ဥပဒေကြမ်းဖြစ်ပြီး လတ်တလောအခြေအနေတွေအရ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အရှိန်တန့်စေဖို့ အလားအလာအကောင်းဆုံး ဥပဒေကြမ်း ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
No New Burma Funds Act ဥပဒေကြမ်းမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုအသစ် ပိတ်ပင်ဖို့၊ နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက စစ်ကောင်စီကို ငွေလွှဲပေးပို့မှု ရုပ်သိမ်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
သုတချမ်းသာ










