
ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မသန်စွမ်း ဖြစ်ခဲ့ရသူတွေနဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူတွေဟာ ဘဝရပ်တည်ရေးအတွက် ခက်ခဲနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ စစ်လက်နက်ပေါက်ကွဲမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ခြေလက်မသန်စွမ်း ဖြစ်ခဲ့ရသူတွေ၊ အကြားနဲ့ အမြင်အာရုံ ချို့တဲ့သွားရသူတွေအပြင် မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရသူတွေအတွက် ဘဝရပ်တည်ရေး ခက်ခဲနေတာဖြစ်ကြောင်း ရခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ (ARE) ဒုတိယတာဝန်ခံ ကိုသိန်းထူး က ပြောပါတယ်။
“ခြေတချောင်း ပြတ်သွားတာဖြစ်ဖြစ်၊ လက်တချောင်း ပြတ်သွားတာဖြစ်ဖြစ် ကျနော်တို့ အာရက္ခပြည်ထဲမှာ ခြေတု၊ လက်တု တပ်ဆင်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ စက်ရုံတွေ မရှိပါဘူး။ အဲဒါကြောင့်မို့ မသန်မစွမ်း ဖြစ်သွားကြရတဲ့သူတွေဟာ လက်ရှိမှာ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးကအစ အစစအရာရာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အနိမ့်ဆုံး ပြောရရင် ဟိုနား ဒီနား သွားဖို့ကိုတောင် သွားချင်စိတ် မရှိကြတော့ပါဘူး။ ကိုယ်က မိသားစုကို ဦးဆောင်နေတဲ့ ဖခင်တယောက် ဆိုရင်လည်း လူတောမတိုးချင်တော့ဘဲ အိမ်ထဲမှာပဲ နေချင်တော့တာပါ။ အဓိက ပြောရရင်တော့ မသန်စွမ်း ဖြစ်သွားရသူတွေအတွက် ပြန်လည်ထူထောင်ရေးအဖြစ် ခြေတု၊ လက်တုတွေ တပ်ဆင်ပေးဖို့ လိုအပ်နေပါတယ်။"
စစ်အာဏာရှင်ရဲ့ ကြည်း၊ ရေ၊ လေ တပ်တွေက နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူတွေမှာလည်း အားကိုးမှီခိုစရာ မရှိတော့တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူတွေလည်း ရှိနေပါတယ်။
ARE အဖွဲ့ရဲ့ ဒုတာဝန်ခံ ကိုသိန်းထူးက “သေဆုံးသွားတဲ့ မိသားစုတွေဆိုရင်လည်း တချို့မှာ အိမ်ထောင်ဦးစီး အဖေ၊ အမေ ဆုံးပါးသွားတာမျိုး ရှိသလို၊ တချို့မှာလည်း ကိုယ်အရမ်းချစ်ရပြီး အားကိုးရတဲ့ သားသမီး ဆုံးရှုံးသွားတာမျိုးတွေ ရှိပါတယ်။ မိဘကို ဆုံးရှုံးလိုက်ရတဲ့ သားသမီးတွေဆိုရင် သူတို့ဘဝမှာ အားကိုးစရာ၊ မှီခိုစရာ မရှိတော့ဘဲ တကယ့်ကို ဆင်းရဲဒုက္ခ ရောက်နေကြရတာပါ။ တချို့ဆိုရင် ဘဝမှာ အားကိုးစရာ မရှိတော့တဲ့အတွက် စိတ်ဓာတ်ကျပြီး စိတ်ဝေဒနာ ခံစားလိုက်ရတာမျိုးတွေပါ ရှိပါတယ်”လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ၅ လတာကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ ၃၃၉ ယောက်အတွက် ဆေးဝါးကုသစရိတ် ထောက်ပံ့ပေးတာကို စက်တင်ဘာ ၁၅ ရက်ကစလို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း ARE အဖွဲ့က စက်တင်ဘာ ၃ဝ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်
လက်ရှိ ထောက်ပံ့ပေးထားတဲ့ ထိခိုက်သေဆုံးသူ ၃၃၉ ယောက်ကျော်မှာ သေဆုံးသူ ၇၇ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၆၂ ယောက် ပါဝင်ကြောင်း သိရပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရရှိသူတွေအတွက် တယောက်ကို ငွေကျပ် ၇ သိန်းနှုန်းနဲ့ ၃၃၉ ယောက်အတွက် စုစုပေါင်း ကျပ် ၂၃၇,၃၀၀,၀၀၀ ကို ထောက်ပံ့ပေးခဲ့တယ်လို့ ARE အဖွဲ့က ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင်တယောက် ဆုံးရှုံးခဲ့ရတဲ့ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်မှ ဦးငတောက်က “စက်တင်ဘာ ၁၂ ရက်နေ့ ည ၁၁ နာရီမှာ လေယာဉ်နဲ့ ဗုံးကြဲသွားလို့ ဒဏ်ရာ ၅ ယောက် ရခဲ့ပါတယ်။ သမီးဖြစ်သူလည်း ဆုံးသွားခဲ့ရပါတယ်။ ကျနော် အင်မတန်မှ စိတ်ထဲမှာ ဝမ်းနည်းရပါတယ်။ မိသားစုနဲ့လည်း ကွဲကွာခဲ့ရသလို အိမ်လည်း ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ARE က မမျှော်လင့်ဘဲ လာရောက်ထောက်ပံ့ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်”လို့ပြောပါတယ်။
ARE အဖွဲ့ဟာ စစ်အာဏာရှင်ရဲ့ လက်နက်များကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူတွေနဲ့ မိသားစုဝင်တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစလို့ ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူနဲ့ မသန်စွမ်းဖြစ်သွားသူ အများစုမှာ ဩဂုတ်လအထိ သံတွဲမြို့နယ်မှာ လူဦးရေ ၉၄ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး စက်တင်ဘာလမှာတော့ ကျောက်တော်မြို့နယ်မှာ လူဦးရေ ၁၀၀ ကျော်အထိ ရှိခဲ့ပါတယ်။










