
သီရိလင်္ကာကျွန်းနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဒီထ်ဝါကြောင့် ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ မြေပြိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး လူ ၄၁၀ ထက်မနည်း သေဆုံးခဲ့ကာ လူပေါင်း ၁ ဒသမ ၄ သန်းကျော်ကို သက်ရောက်မှုရှိခဲ့ကြောင်း ယူနီဆက်ဖ်က ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
မနေ့က ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့တဲ့ ဒရုန်းဗီဒီယိုမှာ သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုအနီး ကေလာနီယာ ဆင်ခြေဖုံးရှိ ကေလာနီမြစ်ပတ်လည်ရှိ ရေကြီးရေလျှံမှုဧရိယာမှာ အဆောက်အအုံတွေနဲ့ မော်တော်ယာဉ်တွေ ရေနစ်မြုပ်နေတာ မြင်တွေ့ရပါတယ်။
နေအိမ်တွေ ရေတိုက်စားခံရပြီး ရပ်ရွာတွေ သီးခြားဖြစ်ကျန်ခဲ့ကာ ရေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကျောင်းပညာရေးတို့လို မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြတ်တောက်နေကြောင်း ယူနီဆက်ဖ် ပြောရေးဆိုခွင့်ရှိသူ ရီကာဒို ပီရက်စ်က ဂျီနီဗာမှာ ပြောကြားခဲ့ပါတယ်။
မကြာသေးမီရက်တွေအတွင်း တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ မုန်တိုင်းတွေ တိုက်ခတ်ခဲ့တာကြောင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ အစိတ်အပိုင်းများစွာ ပျက်စီးခဲ့ရပြီး ရာနဲ့ချီတဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။
တနိုင်ငံလုံးမှာ လူပေါင်း ၃၃၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး ၁ ဒသမ ၂ သန်း ထိခိုက်ခဲ့ရကြောင်း အရာရှိတွေက ပြောကြားခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အား ရာပေါင်းများစွာဟာ မြေပြိုမှုဒဏ်ခံရတဲ့ ဒေသတွေမှာ အလောင်းတွေကို ပြန်ရဖို့ ရှာဖွေနေကြပါတယ်။
အင်္ဂါနေ့မှာ အာဏာပိုင်တွေဟာ ဘူဒိုဇာတွေနဲ့ မြေတူးစက်တွေကို အသုံးပြုပြီး ရွှံ့နွံတွေနဲ့ သစ်ပင်တွေကို ဖယ်ရှားကာ ဘေးဒဏ်သင့်ဒေသတွေဆီ အစားအစာနဲ့ လောင်စာဆီတွေ ရောက်ရှိစေဖို့ လမ်းကြောင်း ရှင်းလင်း ဖန်တီးခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားပြီးနောက် ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတာကိုလည်း ပြန်လည်ထူထောင်ဖို့တွေ လုပ်ဆောင်နေကြောင်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။
Source: Reuters











