DVB Logo
Home
နိုင်ငံတကာ
ဂျိုးဘိုင်ဒင် Autopen ဖြင့် ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်း အားလုံးကို ထရမ့်ပ် ပယ်ဖျက်
DVB
·
December 3, 2025
ဂျိုးဘိုင်ဒင် Autopen ဖြင့် ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်း အားလုံးကို ထရမ့်ပ် ပယ်ဖျက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့အရင်သမ္မတ ဂျိုးဘိုင်ဒင်က Autopen အလိုအလျောက် လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး ရေးထိုးခဲ့တယ် လို့ဆိုတဲ့ လွတ်ငြိမ်းခွင့်တွေ အပါအဝင် စာရွက်စာတမ်း အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။

Autopen ဆိုတာဟာ လက်မှတ် (signature) ကို စက်ထဲမှာ မှတ်တမ်းယူထားပြီး ယေဘုယျအားဖြင့် များပြားတဲ့ပမာဏ သို့မဟုတ် အခမ်းအနား စာရွက်စာတမ်းတွေအတွက် အလိုအလျောက် လက်မှတ်ရေးထိုးပေးနိုင်တဲ့စက် ဖြစ်ပါတယ်။

ဒါကို အဓိကပါတီနှစ်ခုလုံးရဲ့ သမ္မတတွေက စာတွေနဲ့ ကြေညာချက်တွေကို လက်မှတ်ရေးထိုးဖို့  အသုံးပြုခဲ့ကြပါတယ်။

ထရမ့်ပ်နဲ့ သူ့ထောက်ခံသူတွေဟာ ဘိုင်ဒင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း  Autopen စက်ကို အသုံးပြုခဲ့တာကြောင့် သူ့ဆုံးဖြတ်ချက်တွေမှာ အကျိုးသက်ရောက်မှု ပျက်ပြယ်သွားကြောင်း သို့မဟုတ် အဲဒီဆုံးဖြတ်ချက်တွေအပေါ် အပြည့်အဝ သိနားလည်မှု မရှိခဲ့ကြောင်း စသဖြင့် အခြေအမြစ်မရှိတဲ့ ပြောဆိုချက်အမျိုးမျိုးကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ဘိုင်ဒင်ဟာ လွတ်ငြိမ်းခွင့်တွေမှာ အော်တိုပန်ကို အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ မသိရသေးပါဘူး။

ထရမ့်ပ်က “လွတ်ငြိမ်းခွင့်တွေ၊ ပြစ်ဒဏ်လျှော့ချပေးမှုတွေနဲ့ အဲဒီလို စက်လက်မှတ် ရေးထိုးထားတဲ့ တခြား ဥပဒေရေးရာ စာရွက်စာတမ်း တခုခုကို လက်ခံရရှိထားသူ ဘယ်သူ့ကိုမဆို ဒီစာရွက်စာတမ်းတွေကို အလုံးစုံ အပြည့်အဝ ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်းနဲ့ တရားဥပဒေအရ အကျိုးသက်ရောက်မှု မရှိတော့ကြောင်း အသိပေးလိုပါတယ်” လို့ ထရုသ် ဆိုရှယ်မှာ ရေးသားခဲ့ပါတယ်။

ဇန်နဝါရီလမှာ ရာထူးက မထွက်ခွာခင် ဘိုင်ဒင်ဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ ကာကွယ်ပေးလိုတဲ့ မိသားစုဝင်တွေ အပါအဝင် လွတ်ငြိမ်းခွင့် အများအပြား ထုတ်ပြန်ခဲ့ပါတယ်။

ဘိုင်ဒင်ဟာ အကြမ်းမဖက် မူးယစ်ဆေးဝါး ရာဇဝတ်သားတွေအတွက် ပြစ်ဒဏ်လျှော့ချမှုတွေလည်း လုပ်ပေးခဲ့ပါတယ်။

သူ့ရဲ့ လှုံ့ဆော်မှုဆန်တဲ့ စတိုင်နဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို မနှစ်သက်မှုကြောင့် လူသိများတဲ့ ထရမ့်ပ်ဟာ ဘိုင်ဒင်ရဲ့ သမ္မတသက်တမ်းအတွင်း တရားဝင်စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးရာမှာ အော်တိုပန် လက်မှတ်ထိုးစက် အသုံးပြုမှုကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ပါတယ်။

ထရမ့်ပ်ဟာ ဘိုင်ဒင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မေးခွန်းထုတ်ခဲ့ပြီး ဘိုင်ဒင် ကိုယ်တိုင်မဟုတ်ဘဲ သူ့လက်ထောက်တွေက အဓိက ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဘိုင်ဒင်နဲ့ သူ့အရင်လက်ထောက်တွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သမ္မတ ဘိုင်ဒင်ဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ထမ်းဆောင်ခဲ့ကြောင်း  အလေးပေး ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဂျိုးဘိုင်ဒင် Autopen ဖြင့် ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်း အားလုံးကို ထရမ့်ပ် ပယ်ဖျက်