
ထိုင်းနိုင်ငံက နာမည်ကြီးဝါရင့်ရုပ်ရှင်မင်းသမီး နားနား ရိုင်ဘီနာဟာ ငွေချေးပြီး အကြွေး ပြန်မဆပ်တာ၊ ငွေကြေးလိမ်လည်ရယူတာတွေ ရှိနေကြောင်း နစ်နာဆုံးရှုံးသူတွေက တိုင်ကြားတာကြောင့် ဗဟိုရဲတပ်ဖွဲ့နဲ့ စီးပွားရေးဆိုင်ရာရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက်ကပဲ ဘန်ကောက် ဖရခနုန်နယ်မြေရှိ မင်းသမီးရဲ့ နေအိမ်မှာ သွားရောက် ဖမ်းဆီးလိုက်ပါတယ်။
ဒီမတိုင်ခင်က လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကတည်းက သူဟာ အနုပညာလုပ်ဖော်ကိုင်ဖက်တွေထံကနေ ဘတ်သန်းနဲ့ချီတဲ့ငွေတွေ ချေးပြီး ပြန်မဆပ်တဲ့အပြင် အဆိုပါငွေတွေရဖို့ လိမ်လည် ပြောဆိုတာတွေလည်းရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ဒါ့အပြင် ရုပ်ရှင်မင်းသမီး ဂျဲန်နီထိန်းဖိုးဆုဝမ်းကလည်း မင်းသမီးကြီး နားနားရိုင်ဘီနာဟာ သူ့ဆီမှာ ငွေသန်းနဲ့ချီ ချေးငှားထားပြီး ပြန်မဆပ်ဘူး၊ စားသောက်ဆိုင်ဖွင့်ဖို့ အရင်းအနှီးလိုလို့ ဘတ်သန်းနဲ့ချီ ချေးငှားထားတယ်၊ ဆိုင်လည်း မဖွင့်ဖြစ်ဘူး၊ ချေးငွေလည်း ပြန်မဆပ်ဘူး၊ သူ ပြောတဲ့စကားတွေဟာ လိမ်နေတာကို နောက်မှ သိရတယ်၊ သူ့ကို အစ်မတယောက်လို ချစ်တယ်၊ ယုံကြည်တယ်။ အခုလို အလိမ်ခံရတော့ စိတ်နာတယ်၊ နှစ်ပေါင်း ၃၀ ကြာ ထားရှိတဲ့သံယောဇဉ် ပြတ်သွားပြီ။ ငိုတာထက်ကိုပိုပြီး ရှော့ခ်ဖြစ်မိတယ်လို့ သူတို့ “နတ်သမီးဂိုဏ်း” အဖွဲ့ဝင်တွေကို ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
နတ်သမီးဂိုဏ်းမှာ ထိုင်းနိုင်ငံက ထိပ်တန်းအနုပညာရှင်မင်းသမီးတွေ စုဖွဲ့ထားတဲ့ဂိုဏ်း ဖြစ်ပါတယ်၊ အဲဒီဂိုဏ်းမှာ နားနားရိုင်ဘီနာက အစ်မကြီးလို ခေါင်းဆောင်လိုဖြစ်ပြီး ဂိုဏ်းဝင်တွေရဲ့ ပြဿနာကို ဒိုင်ခံဖြေရှင်းပေးတဲ့သူ ဖြစ်တယ်။
မင်းသမီးဂျဲန်နီက သူ အလိမ်ခံနေရတယ်ဆိုတာကို “ငါ မြက်စားနေရတယ်” ဆိုတဲ့စကားလုံးနဲ့ တင်စားပြီး ရင်ဖွင့်ခဲ့ပါတယ်။ အဲဒီနောက် တခြားမင်းသမီးတွေကလည်း သူတို့ဆီမှာလည်း ဘတ်သန်းနဲ့ချီ ချေးထားတဲ့အကြောင်း ရင်ဖွင့်လာကြတယ်။ နားနား ရိုင်ဘီနာက အနုပညာလောကထဲက လူတွေအပြင် ပြင်ပက လူတွေထံနေ ချေးယူထားတဲ့ငွေ အနည်းဆုံး ဘတ် သန်းပေါင်း ၄၀၀ ကျော်မယ်လို့ ခန့်မှန်းပြောဆိုနေပါတယ်။
နားနား ရိုင်ဘီနာမှာ လက်ရှိ အသက် ၄၅ နှစ်ရှိပြီဖြစ်ပြီး ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဇာတိဖြစ်ပါတယ်။
ဘန်ကောက်ရမ်ခမ်းဟမ်တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာနဲ့ ကျောင်းပြီးခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစ ရုပ်ရှင်လောကထဲ ဝင်ရောက်လာခဲ့သူပါ။
သူပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အောင်မြင်ထင်ရှားခဲ့သလို လက်ရှိမှာလည်း ရုပ်သံအစီအစဉ်တင်ဆက်သူ၊ အခမ်းအနားမှူး၊ ဒီဂျေတယောက်ဖြစ်ပြီး ပြိုင်ကားမောင်းနှင်တာလည်း ဝါသနာပါသူ ဖြစ်ပါတယ်။
ကိုယ်ပိုင်စီးပွါးရေးလည်းရှိတဲ့ အောင်မြင်သော အမျိုးသမီးယောက်လည်းဖြစ်ပြီး သူ့ချစ်သူ ရက်ပ်အဆိုတော် ဝေးထိုင်းထေနိယမ်နဲ့ အိမ်ထောင်ကျကာ သမီးနဲ့သား အမြွှာကလေး ၂ ယောက်ရဲ့ မိခင်လည်း ဖြစ်ပါတယ်။
အခုလို အစစအရာရာ ပြည့်စုံသူတယောက်ဟာ ဘာကြောင့် ကြွေးမြီတွေ ဘတ်သန်းပေါင်းရာနဲ့ချီ တင်ရှိနေရတာကိုလည်း လူမှုကွန်ရက်က မေးခွန်းထုတ်နေကြပါတယ်။
Source: Thairath / 3Plus News / naewna











