DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဆောင်းတွင်း အအေးပိုလာသဖြင့် ဘေထုပ်အနွေးထည်များ ရောင်းကောင်း 
DVB
·
December 3, 2025
ရန်ကုန်ဆောင်းတွင်း အအေးပိုလာသဖြင့် ဘေထုပ်အနွေးထည်များ ရောင်းကောင်း 
Donate to DVB

လာနီညာရာသီဥတုကြောင့် ရန်ကုန်ဆောင်းတွင်းမှာ အအေးဓာတ် ပိုနေပြီး အအေးဒဏ်အတွက် ဘေထုပ် အနွေးထည်ကို ပြည်သူတွေ အားကိုးနေရပေမဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ဈေးကွက်ထဲမှာ ဘေထုပ်အထည်တွေ မလုံလောက် ဖြစ်နေပါတယ်။

လာနီညာ ရာသီဥတုဖြစ်စဥ်ကြောင့် အအေးဓာတ်ပိုလာတဲ့ ရန်ကုန်မြို့ရှိ အထည်ဟောင်း ဘေထုပ်ဈေးကွက်မှာ အနွေးထည် လာရောက်ရှာဖွေသူတွေနဲ့ စည်ကားနေပါတယ်။

ဒါပေမဲ့ သွင်းကုန်ပစ္စည်းကန့်သတ်ချက်ကြောင့် ပစ္စည်းအသစ်တွေ မဝင်နိုင်ဘဲ အဟောင်းထည် မလုံလောက်မှုတွေ ဖြစ်နေပါတယ်။

အဟောင်းဈေးကွက်ကျွမ်းကျင်သူတယောက်က “တကယ့်အခြေအနေကတော့ ပစ္စည်းပြတ်ပြီးတော့ ရောင်းနေရတယ်ပေါ့။ ပစ္စည်းက ဝယ်ချင်တဲ့ပစ္စည်းက ဝယ်လို့မရဘူး။ ဘေထုပ်ကတော့ အေးရင် ရောင်းရတာပေါ့။ ဒါကတော့ ပုံမှန်ပဲ။ ကျန်တဲ့အခြေအနေက ပါးသွားတာ။ ပါးသွားတာ ၈ လပိုင်းကစပြီး၊ ၈၊ ၉၊ ၁၀ အဲဒီတုန်းကစပြီး ပါးသွားတာက လူတောင် မရှိသလောက် ဖြစ်သွားတယ်။ အခုမှ အေးတော့မှ ပြန်တက်လာတာပေါ့။ အေးပြီး ပြန်တက်လာပေမဲ့ ပစ္စည်းက ကိုယ် လိုချင်တဲ့ပစ္စည်းက မရှိဘူး။ မရှိတာထက်စာရင် သယ်ရတာ ခက်သွားတာပေါ့။ အရင်က မန္တလေးက၊ မြဝတီက တိုက်ရိုက်သယ်လို့ရတယ်။ အခုက မြဝတီကဆိုရင်လည်း အထုပ်ဖြေပြီးမှ သယ်လို့ရတယ်။ မန္တလေးက ဒီကိုလာမယ်ဆိုရင်လည်း အထုပ်လိုက် မရဘူး။ ခွဲပြီးတော့မှ သယ်လာရတာပေါ့။ ဘေထုပ်ဆိုတဲ့ Feel မလာတော့ဘူးပေါ့။ ခွဲခွဲပြီးသယ်ရတယ်။ အဲဒီလို ဖြစ်သွားတယ် အခုက” လို့ ပြောပါတယ်။

သွင်းကုန်ပစ္စည်းအပေါ် မှီခိုနေရတဲ့ အခြေအနေပေါ်မှာ မော်တော်ကားအဟောင်းကစလို့ ဆိုင်ကယ်၊ စက်ဘီး၊ အဝတ်ဟောင်း၊ အိတ်ဟောင်း၊ ဖိနပ်ဟောင်း၊ ဖန်စီပစ္စည်း အဟောင်းတွေကို မြန်မာနိုင်ငံက တတ်နိုင်သူ၊ လူလတ်တန်းစားနဲ့ ဝင်ငွေနည်းမိသားစုတွေပါမကျန် လိုအပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက် မှီခိုနေကြတာလို့ အဟောင်းဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အအေးပိုလာတဲ့ အခုရက်ပိုင်းအတွင်း ဘေထုပ်ဆိုင်မှာ အနွေးထည်လာရှာတဲ့ အမျိုးသမီးကြီး တယောက်က “ဒီနှစ်အအေးကတော့ နည်းနည်း အရင်နှစ်ကထက်စာရင် အအေးပိုလာလို့ အနွေးထည်လေးတွေ လာဝယ်တာပါ။ ဒီကတော့ ဟိုဘက်ကဟာတွေကို ရောင်းတာဆိုတော့ ဟိုအသစ်တွေနဲ့ကတော့ မတူဘူးပေါ့။ ဒါပေမဲ့လို့ သူ့ရဲ့ အနွေးထည်ကျတော့ ဒီဟာက တအားနွေးတယ်။ ဟိုအသစ်တွေကျတော့ ပါးတာပေါ့နော်။ အဲဒီလိုရှိတဲ့အတွက် ဒီဘက်က နွေးတာလေးတွေ လာဝယ်တာပေါ့နော်” လို့ ပြောပါတယ်။

လာနီညာကြောင့် ပြန်အေးလာတဲ့ ရန်ကုန်ဆောင်းအတွက် ဘေထုပ်အသစ်တွေ မဝင်နိုင်လို့ ရွေးစရာရှားပြီး ဈေးနှုန်းတွေကလည်း အဟောင်းထည်၊ အပုံထည် ဆိုပေမဲ့ ဈေးမချိုနိုင်တဲ့ အခြေအနေကို ဘေထုပ်ရောင်းချသူတယောက်က ပြောပါတယ်။

“အရောင်းအဝယ်ကဖြစ်တာ ၃၊ ၄ ရက်လောက်ပဲ ရှိသေးတယ်။ အခုကတော့ ဟူဒီလေးတွေပေါ့။ ဟူဒီတို့ ကလေးအနွေးထည်တို့ အဲဒါလေးတွေ ရောင်းရတယ်။ အပါးတွေကတော့ သိပ်မရောင်းရဘူး။ ဈေးနှုန်းတွေကတော့ အစားစားပါပဲ။ ၃,၅၀၀ တို့၊ ၅,၅၀၀ တို့၊ ဟူဒီလေးတွေဆိုရင် ၁၀,၀၀၀၊ ၁၂,၀၀၀၊ ၁၈,၀၀၀ အဲလိုမျိုးလေးတွေ။ ပစ္စည်းက လက်ရှိ ရှိတဲ့ဟာလေးတွေပဲ။ နောက်ထပ် ထပ်မဝင်သေးဘူး။” 

ကန့်သတ်ကုန်တွေကြား ဘေထုပ်တွေပါ ပါဝင်လာတာကြောင့် လမ်းတွေပြန်ဖွင့်လာတဲ့အခါ အရင်လို ဘေထုပ်တွေ ပေါပေါများများ မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းဝယ်နိုင်ဖို့ ဘေထုပ် စောင့်ကြည့်ဝယ်ယူသူတွေနဲ့ ရောင်းချသူတွေက မျှော်လင့်နေကြပါတယ်။

ဘေထုပ်ရောင်းချသူတယောက်က “သူကတော့ ယိုးဒယားကလာတဲ့ ပစ္စည်းတွေကို ကန့်သတ်ကုန် လုပ်လိုက်တဲ့အပေါ်မှာ ဘေထုပ်ရယ်လို့ မဟုတ်ဘူးပေါ့။ ထိုင်းနိုင်ငံက ပစ္စည်းတွေပေါ့၊ စားသောက်ကုန်တွေ ဘာတွေပေါ့၊ ဘေထုပ်တော့ မတားပါဘူး။ ဒါပေမဲ့ သယ်တဲ့အခါကျတော့ အဲဒီလိုဖြစ်သွားတာပါ။ အမှန်ကတော့ ဘေထုပ်ချည်းပဲ တကားလုံး သယ်လို့ရတာ မဟုတ်ဘူးလေ။ အဲဒီထဲမှာအကုန် ထိုင်းပစ္စည်းတွေလည်း ပါမယ်၊ ယိုးဒယားအချိုရည်၊ အချိုမှုန့်တွေ အဲလိုမျိုးတွေ ရောသယ်တဲ့အခါကျတော့ ဒီကုန်မှာ ကန့်သတ်ကုန်တွေ ဖြစ်ကုန်တာပေါ့။ အမှန်က လမ်းကြောင်းဖွင့်ပေးတဲ့အခါ ပိုပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပေါပေါလောလော ရောင်းလို့ရတာပေါ့” လို့ ပြောပါတယ်။

သွင်းကုန်ကန့်သတ်ချက်ကြောင့် ဘေထုပ်အသစ်တွေ ရောက်လာဖို့ မသေချာ‌ပေမဲ့ လာနီညာကြောင့် ၂၀၂၅-၂၀၂၆ ဆောင်းရာသီဟာ ဆက်အေးလာဖို့ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပြီး ဈေးဝယ်သူတွေကတော့ အသစ်ရောက်မလာနိုင်သေးတဲ့ ဘေထုပ်အဟောင်းပုံတွေကြား ဆက်လက်တိုးဝှေ့နေကြဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013