DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ဒေသခံကြား မြေယာပိုင်ဆိုင်မှု မစစ်ဆေးနိုင်သေး
DVB
·
December 12, 2014
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ဒေသခံကြား မြေယာပိုင်ဆိုင်မှု မစစ်ဆေးနိုင်သေး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ ဒေသခံတောင်သူတွေကြား မြေယာပိုင်ဆိုင်မှု အငြင်းပွား ပြဿ နာကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်က လက်ခံရရှိထားပေမယ့် ဒီကနေ့ထိ သွားရောက်စစ်ဆေးပေးနိုင်ခြင်းမရှိဘူးလို့  မြေသိမ်းမှု စုံစမ်းရေးအဖွဲ့က ပြောပါတယ်။

[caption id="attachment_73566" align="alignright" width="348"]ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - Kotoe Taunggyi) ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - Kotoe Taunggyi)[/caption]

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တခုဖြစ်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ရရှိမှာသာ သွားရောက်စစ်ဆေးပေးနိုင် မယ်လို့ ရှမ်း နဲ့ ကယားပြည်နယ် မြေယာနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မ ရှင်ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က  ဒီဗွီဘီကို ပြောပါတယ်။

“တောင်ကြီးမှာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က မြေယာ သိမ်းယူထားတယ်ဆိုတဲ့ တိုင်းကြားချက်စာတွေ ကျနော်တို့ လက်ခံရရှိပါတယ်ခင်ဗျ။ ကျနော်တို့ကလည်း ရှမ်းပြည် နယ်အစိုးရအဖွဲ့ကိုရော၊ နေပြည်တော်က မြေသိမ်းမှုစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနဲ့ သမ္မတဆီကိုပါ စာတွေပို့ထားပြီးပါပြီ။ ဒါပေမယ့် ပီအန်အို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် ကျနော်တို့က ကာကွယ်ရေးဝန်ကြီးဌာနဆီကနေ တဆင့်ခွင့်တောင်းရပါတယ်။ သူတို့က ခွင့်ပြုမှ သွားကြည့်ရပါမယ်။ သက်ဆိုင်ရာလုံခြုံရေးအရာရှိတွေရဲ့ ခွင့်ပြုချက်လည်း ရမှ သွားလို့ရပါတယ်။ ဒါကြောင့် ပီအန်အိုနဲ့ ပတ်သက်တဲ့ အမှုတွဲ တခုမှ မစစ်ဆေးနိုင်သေးပါဘူး။”

သူတို့ လက်ခံရရှိထားတဲ့ တိုင်စာအရ ပီအန်အိုက သိမ်းယူထားတယ်လို့ ယူဆရတဲ့  မြေဧကပေါင်း ၃ ထောင်ကျော်ရှိကြောင်း၊ ဒေသခံတွေက နှုတ်နဲ့သာပြောဆိုပြီး စာမပို့ရသေးတဲ့ အခြားမြေဧရိယာတွေလည်း နောက်ထပ်ရှိသေးတယ်လို့  ဆိုပါတယ်။

တောင်ကြီးခရိုင်ထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မြေတွေလည်း ရှိနေပြီး လာမယ့် အပတ်ကျရင် ဟဲဟိုးမြို့နယ်နဲ့ အောင်ပန်းမြို့နယ်ထဲမှာ စစ်တပ်က သိမ်းထားတယ်ဆိုတဲ့ မြေယာတွေ သွားရောက်စစ်ဆေးဖို့ရှိတယ်လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

တောင်ကြီးခရီုင်အတွင်း  ပီအန်အို အမျိုးသားအဖွဲ့ချုပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကနေ့ ကနေ့အထိ ဆက်လက်သိမ်းယူနေတဲ့ မြေဧကပေါင်း ၁ သောင်းကျော်ရှိပြီး ၁ ထောင်ကျော်လောက်သာ ပြန်ပေးတဲ့အတွက် ဒေသခံတောင်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စီတန်းလည့်လည်ဆန္ဒပြခဲ့ပါတယ်။

တောင်ကြီးမြို့တောင်ဘက် ရွာပေါင်း ၈ ရွာက အသိမ်းခံရတဲ့ မြေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပီအန်အို တာဝန်ရှိသူ ၂ ဦးနဲ့ ရွာသားကိုယ်စားလှယ် ၈ ဦးတို့ ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် ပီအန်အိုဘက်က ပြန်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့  မြေသိမ်းခံတောင်သူ ဦးမောင်အေးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရွာသားပေါင်း ၂၁၅ ဦးပိုင်တဲ့ မြေဧက ၁၇၀၀  ပြန်ရဖို့ စက်တင်ဘာလက စာတင်တယ်။ ဒီလ ၄ ရက်နေ့က မြို့နယ်ထွေအုပ်ရုံးမှာ သွားညှိကြတယ်။ ပီအန်အိုကိုယ်စားလှယ် ဗိုလ်မှူး  ခွန်ဖိုးဆောင် ဆိုသူက သူတို့က မြေလွတ်မြေရိုင်းတွေပဲယူတာ၊ ရွာသားပိုင်မြေတွေ မသိမ်းရဘူး၊  အဲဒီတော့ မပေးနိုင်ဘူးလို့ ပြောသွားတယ်၊ ၁၀ မိနစ်လောက်ပဲ လာတွေ့ပြီး ပြန်သွားတယ်။”

ပီအန်အို အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်လာကတော့ ရွာသားတွေမှာ မြေယာပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့ ရပ်ရွာထဲက သမာသမတ်ရှိတဲ့ လူကြီးသူမတွေ ထောက်ခံပေးတယ်ဆိုရင် ပြန်ပေးတယ်လို့ ပြောပါတယ်။

“တချို့မြေတွေက ကျနော်တို့ အမျိုးသားအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က လျာထားတာ။ အဲဒီမြေပေါ်မှာ ကျနော်တို့ စိုက်ပျိုးရေးလုပ်တယ်။ တချို့ကို ရွာသားတွေကို ပေးလုပ်တယ်၊ အဲဒါကို မြေသိမ်းတယ်လို့ မခေါ်ဘူး။ ဒါပေမယ့် သူတို့က နေလာတာကြာတော့ သူတို့မြေလို့ တောင်းဆိုလာကြတော့ မျှတမှုမရှိဘူး။ သူတို့မှာ ပိုင်ဆိုင် တဲ့ အထောက်အထားလည်း မပြနိုင်ဘူး၊ ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ လုပ်နေတာကို သူ့မြေပါလို့ ပြောလာတော့ ကျနော်တို့မှာ ပေးဖို့အခက်အခဲရှိတယ်။”

ရွာသားတွေကတော့ မြေယာပြန်ရရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး နောက်ထပ် ဆန္ဒပြပွဲလုပ်ဖို့လည်း ဆွေးနွေးတိုင်ပင်နေတယ်လို့ ရွာသားတွေကို ဥပဒေလမ်းကြောင်းအရ အကြံပေးနေတဲ့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံတ၀န်း ဒေသခံတောင်သူလယ်သမားတွေဆီကနေ စစ်တပ်၊ အစိုးရဌာန ဆိုင်ရာတွေနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ကျန်ရှိနေတဲ့ ဦးသိန်းစိန်အစိုးရ သက်တမ်း ၂ နှစ်ကျော်အတွင်း ပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးတွေက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် စက်တင်ဘာလ  နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013