
Zootopia ပထမဇာတ်ကားရဲ့ နောက်ဆက်တွဲအဖြစ် ၉ နှစ်အကြာမှာ ထပ်ထွက်လာတဲ့ Zootopia-2 အန်နီမေရှင်းရုပ်ရှင်ဟာ ကမ္ဘာတဝန်း လက်မှတ်ရောင်းရငွေ ဒေါ်လာ ၅၅၆ သန်းအထိ ရရှိထားပြီ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်က စပြီး ရုံတင်တဲ့ Walt Disney ကုမ္ပဏီထုတ် ဇာတ်ကားဟာ ကျေးဇူးတော်နေ့ ပိတ်ရက်တွေမှာ ပရိတ်သတ်အားပေးမှု များပြားခဲ့တဲ့အလျောက် အားလပ်ရက်ရာသီကို အဖွင့်လှစေခဲ့ပါတယ်။
အဲဒီရုံတင်ဝင်ငွေအားလုံးရဲ့ ထက်ဝက်နီးပါးကိုလည်း ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်စျေးကွက်ရှိရာ တရုတ်နိုင်ငံကနေ ရရှိခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး ဟောလိဝုဒ်ရုပ်ရှင်တွေထက် တရုတ်ပြည်တွင်းထုတ် ဇာတ်ကားတွေသာ အားပေးလေ့ရှိကြတဲ့ အစဉ်အလာကိုပါ Zootopia-2 က ချိုးဖျက်နိုင်ခဲ့တာပါ။
ဒါကြောင့် Zootopia-2 ဟာ ဒေါ်လာ ၂၇၅ ဒသမ ၆၂ သန်း ဝင်ငွေနဲ့အတူ တရုတ်ပြည်တွင်း သမိုင်းတလျှောက် ဝင်ငွေအများဆုံး ဟောလိဝုဒ် အန်နီမေးရှင်းဇာတ်ကား ဖြစ်လာခဲ့ပါတယ်။
ဒါဟာ လက်ရှိရုံတင်ပြီး ၆ ရက်အတွင်း ရလာခဲ့တဲ့ဝင်ငွေ ဖြစ်တဲ့အပြင် ၂၀၁၆ တုန်းက ပထမဆုံး Zootopia ရုပ်ရှင်ရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
Zootopia-2 ဟာ တိရစ္ဆာန်မြို့ထဲက အဖြစ်အပျက်တွေကို ဟာသနှော ရိုက်ကူးထားတာဖြစ်ပြီး ရဲအရာရှိ-ယုန်မလေး “ဂျူဒီ” အဖြစ် ဂျင်နီဖာ ဂွတ်ဝင်းနဲ့ တွဲဖက်ဖြစ်တဲ့ မြေခွေးနေရာမှာ ဂျေဆန် ဘိတ်မန်း တို့က အသံသရုပ်ဆောင်ထားပါတယ်။
အခုနှစ်အတွင်း ကနေဒါနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့အကြီးမားဆုံး ရုပ်ရှင်စျေးကွက်ရှိရာ မြောက်အမေရိကတိုက်မှာ လက်မှတ်ရောင်းရငွေ စုစုပေါင်းဟာ ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံအထိ ရောက်လာခဲ့ပါတယ်။
ဒါဟာ မနှစ်ကထက် ၁ ဒသမ ၂ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပေမဲ့လည်း ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ၂၃ ရာခိုင်နှုန်းလောက်ကို လျော့နည်းနေသေးကြောင်း သိရပါတယ်။
၂၀၁၉ တုန်းက ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားခင် အခြေအနေကို ပြန်ရောက်ဖို့ဆိုရင်တော့ အများကြီး လိုအပ်နေသေးတယ်ဆိုပြီး Comscore အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
လာမယ့် ခရစ္စမတ်ကာလ မတိုင်ခင် ဆက်လက်ရုံတင်ပြသသွားမယ့် နာမည်ကြီး ဇာတ်ကားတွေထဲမှာ ဒါရိုက်တာ ဂျိမ်းစ် ကမ်မရွန်းရဲ့ တတိယမြောက် Avatar ရုပ်ရှင် Fire and Ash လည်း ပါဝင်လာခဲ့ပါတယ်။











