DVB Logo
Home
မြန်မာသတင်း
စစ်ရေးပဋိပက္ခကြောင့် မသန်စွမ်းသူများ အခွင့်အရေး ဆုံးရှုံးပြီး ရှင်သန်နေထိုင်ရန် ရုန်းကန်နေရ
DVB
·
December 1, 2025
စစ်ရေးပဋိပက္ခကြောင့် မသန်စွမ်းသူများ အခွင့်အရေး ဆုံးရှုံးပြီး ရှင်သန်နေထိုင်ရန် ရုန်းကန်နေရ
Donate to DVB

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မသန်စွမ်းဦးရေ ၂ ဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ အဲဒီပဋိပက္ခကြောင့်ပဲ မသန်စွမ်းတွေဟာ အခွင့်အရေးတွေ ဆုံးရှုံးနေသလို ရှင်သန်နေထိုင်ဖို့ တခြားသူတွေထက် ပိုပြီး ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့ခံရလို့ သူကိုယ်တိုင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မသန်စွမ်းတယောက်ဖြစ်သူ ကိုစိုင်း (အမည်လွှဲ) က “တို့ မသန်စွမ်းတွေလည်း မရှောင်လို့ မရဘူးပေါ့၊ ဒီလို အဘိုးကြီး၊ အဘွားကြီးတွေ၊ ရူးနေတဲ့သူတွေကိုတောင် သတ်တယ်ဆိုမှတော့ ကျနော်တို့လည်း အသံကြားတာနဲ့ကို ရှောင်ရတော့တာပါပဲ။ ကျနော်ဆိုရင်လည်း လက်ရှိ မသန်စွမ်းဆိုတော့ စစ်ဘေးရှောင်ရင် တောင်ဝှေးနဲ့သွားရတာလေ။ သူများတွေက ပြေးကြ ပြေးကြ ဆိုရင် ကိုယ်တွေကလည်း နေနေလို့လည်းမရ၊ ကိုယ်လည်း သူတို့ရှောင်သလို ရှောင်ရတာပါပဲ။ ကြုံရာ ဆိုင်ကယ်တွေ၊ လှည်းတွေနဲ့ လိုက်ပြီးတော့ ရှောင်ရတာပါပဲ” လို့ ပြောပါတယ်။

ကိုစိုင်းဟာ လက်ရှိမှာ အသက် ၄၀ ကျော်အရွယ် ရှိနေပြီဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်ကတည်းက မတော်တဆမှုတခုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူပါ။

နိုင်ငံအနှံ့ စစ်‌ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ခုလို တောတောင်တွေထဲ ဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတာဟာ သာမန်လူတွေအတွက်တောင်မှ မလွယ်ကူလှပါဘူး။

အဲဒီထဲမှာ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်နေတဲ့ ကိုစိုင်းတယောက်အတွက်ကတော့ အသက်ရှင်သန်ရေးအတွက် တနေရာကနေ တနေရာကို ပြောင်းရွှေ့နေရတာ ပိုခက်ခဲပါတယ်။

ကိုစိုင်းက “အခက်အခဲကတော့ တောတောင်တွေထဲ ရှောင်ရတာဆိုတော့ အခက်အခဲ အများကြီး ဖြစ်ခဲ့ရတာပေါ့နော်။ အဓိကက သွားရေးလာရေး အဆင်မပြေတာပေါ့နော်။ အဲလိုမျိုးပဲ ဘဝကို၊ ထမင်းတို့ မစားရတဲ့နေ့တွေကလည်း အများကြီးပါပဲ၊ ရေတို့ဘာတို့ဆိုရင်လည်း ငတ်ပြတ်လို့ အဲလိုမျိုးထိ ကြုံခဲ့ရတာပေါ့နော်” လို့ ပြောပါတယ်။

အဲဒီလိုထွက်ပြေးလို့ သူလွတ်မြောက်ခဲ့ပေမဲ့ စစ်တပ်က ရွာမီးရှို့တဲ့ထဲမှာ သူတို့မိသားစုနေအိမ်လည်း ပါသွားပြီး လက်ရှိမှာတော့ မီးမလောင်ဘဲ ကျန်နေတဲ့ ခြံထဲက နွားတင်းကုပ်ထဲမှာပဲ ယာယီ မိုးကာတဲလေးတွေ မိုးကာ အမိုးအကာမလုံဘဲ ဖြစ်သလို နေထိုင်နေရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ စစ်ရေးပဋိပက္ခဇုန်ထဲမှာ စစ်တပ်ရဲ့ အကြမ်းဖက်တဲ့ သတ်ဖြတ်မှုတွေ၊ လက်နက်ကြီးတွေ၊ မိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေဟာလည်း တနေ့ခြားတနေ့ ပိုများလာနေပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ စာရင်းဇယားတွေအရ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ၃ ဒသမ ၆ သန်း ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မသန်စွမ်းဦးရေဟာ အရင်ကထက် နှစ်ဆနီးပါး ဖြစ်လာပြီး လူဦးရေ ၆ သန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ၂၀၂၄ ဒီဇင်ဘာမှာ ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်တွေအရ မသန်စွမ်းဦးရေ ထက်ဝက်လောက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်ကတည်းက မသန်စွမ်းသူတွေကို ကူညီထောက်ပံ့မှု အားနည်းခဲ့တဲ့ မြန်မာနိုင်ငံမှာ အခု စစ်အာဏာသိမ်းပြီး နောက်ပိုင်းချိန်ကစပြီး အကူအညီရရှိမှုတွေဟာ လုံးဝမရှိတော့ဘူးလို့ မသန်စွမ်းသူများနဲ့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခ ပြင်းထန်လာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အရေးတွေလည်း လျော့နည်းလာပြီး မသန်စွမ်းသူတွေဟာ အလုပ်ရရှိဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကိုကျော်(အမည်လွှဲ) ကတော့ မသန်စွမ်းတယောက်ဖြစ်ပြီး အရင်က သူ့ဇာတိဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ မသန်စွမ်းတွေကို အကူအညီပေးတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတခုမှာ အလုပ်လုပ်ကိုင်ပါတယ်။ သူ့အနေနဲ့ ဘဝတူချင်း ကူညီပေးနိုင်ခဲ့တဲ့အပြင် ဝင်ငွေလည်း အထိုက်အလျောက် ရခဲ့ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း သူ့ဇာတိမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တဲ့အတွက် စစ်ရှောင်နေရသလို နေရာသစ်မှာ အလုပ်အကိုင်အတွက်လည်း အဆင်မပြေဘူးလို့ ပြောပါတယ်။

“စိန်ခေါ်မှုတွေကတော့ မသန်စွမ်းအနေနဲ့ ပိုကြုံရတာပေါ့နော်။ ခေတ်ကောင်းနေတုန်းကတောင် ကျနော်တို့ မသန်စွမ်းတွေက အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိဘူး၊ ခု ခေတ်ပျက်မှာက ပိုပြီးတော့ ခက်ခဲလာတယ်။ ဘာတွေပါ ခက်ခဲလာလဲဆိုတော့ မသန်စွမ်းတွေက မသန်စွမ်းနဲ့ သက်ဆိုင်တဲ့ အလုပ်တွေမှာတောင် ကိုယ်နဲ့ခင်ရာမင်ရာတွေကိုပဲ ခန့်လာတော့ ကျနော် ဆိုရင် စစ်ရှောင်လာရတဲ့ မသန်စွမ်းပေါ့နော်၊ ကျနော်တို့ဆိုရင် ဒီမှာ အလုပ်မရှိဘဲနဲ့ တယောက်ယောက်အပေါ်မှာ မှီခိုပြီး စားသောက်နေရတဲ့ဘဝ ရောက်သွားတယ်။ ဒီပဋိပက္ခကြားထဲက ရှောင်လာတဲ့ မသန်စွမ်းတွေမှာတော့ ပိုခက်ခဲတာပေါ့နော်။ တခါတလေမှာဆိုရင် စားဝတ်နေရေးအတွက် အဆင်မပြေတာလေးတွေ ကြုံတွေ့ရတယ်။”

ခုလိုမျိုး စားဝတ်နေရေးဖြေရှင်းဖို့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့အပြင် တဖက်မှာလည်း စစ်တပ်က ဆေးဝါးတွေ ပိတ်ဆို့ဖြတ်တောက်ထားတာတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ မသန်စွမ်းတွေအဖို့ ဆေးဝါးတွေရရှိနိုင်ဖို့ အလှမ်းဝေးနေဆဲပါလို့ ကိုစိုင်းက ဆိုပါတယ်။

“ထောက်ပံ့မှုတွေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်ဘက်ကမှ မရှိပါဘူး။ မိုးရွာလည်း မိုးကာလေးတွေနဲ့ နေနေရတာပါပဲ။ ဆေးဝါးတွေ ဘာတွေ ဆိုရင်လည်း မှီဝဲချင်တာပေါ့၊ ဒါပေမဲ့ မမှီဝဲနိုင်ဘူးလေ။ ကိုယ့်ရဲ့လုပ်အားခတွေ ငွေရေးကြေး‌ရေးတွေက ဆေးဖိုးဝါးခ မတတ်နိုင်ဘူးလေ။ အစစအရာရာပါပဲ၊ ခုဆေးဝါးကလည်း လက်လှမ်းမမီနိုင်ဘူး။”

တဖက်မှာလည်း မသန်စွမ်းသူတွေဟာ ဂုဏ်သိက္ခာရှိစွာနဲ့ အမှီအခိုကင်းမဲ့စွာ ဘဝရပ်တည် နေထိုင်နိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းတွေ လိုအပ်နေသလို အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ကိုကျော်က “မသန်စွမ်းတွေအတွက် ဒီ ကျန်းမာရေး အခမဲ့စောင့်ရှောက်ခွင့်တို့၊ နောက်ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ သင့်လျော်တဲ့ အလုပ်အကိုင် ဖန်တီးပေးတာမျိုးတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အစိုးရ နှစ်ခုပေါင်းပြီးတော့ မသန်စွမ်းသူတွေအတွက် သက်မွေးဝမ်းကျောင်းသင်တန်းတွေပေးပြီး နောက်ကနေ support တခါတည်း လုပ်တာမျိုးတွေ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ထုတ်ပေးတာမျိုးတွေ ဒါမျိုးတွေ လုပ်ပေးနိုင်ရင်တော့ မသန်စွမ်းတွေအတွက် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တာ ၅ နှစ်နီးပါး ရှိနေပြီး အာဏာသိမ်းပြီးကတည်းက စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ နိုင်ငံအနှံ့မှာ ဖြစ်ပွားနေဆဲပါ။ အဲဒီတိုက်ပွဲတွေ ဘယ်တော့ပြီးမလဲ ဆိုတာ ဘယ်သူမှ သေချာ မသိသေးပါဘူး။

ဒါပေမဲ့ သေချာတာကတော့ မသန်စွမ်းသူတွေဟာ စစ်ရေးပဋိပက္ခတွေကြားမှာ အကြမ်းဖက်ခံရမှုတွေနဲ့ အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ရင်ဆိုင်နေကြရတယ် ဆိုတာပါပဲ။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013