DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျပြီးနောက် မြဝတီ-မဲဆောက် ကူးတို့ဆိပ်များကို ထိုင်းက ယာယီပိတ် 
DVB
·
December 1, 2025
မြန်မာဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျပြီးနောက် မြဝတီ-မဲဆောက် ကူးတို့ဆိပ်များကို ထိုင်းက ယာယီပိတ် 
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို  တရားမဝင် ကူးလူးသွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ထိုင်းအာဏာပိုင်တွေက  ယာယီပိတ်သိမ်းလိုက်တယ်လို့ နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနယ်စပ်နေ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအရ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ ၇ ရက် အတွင်း တာ့ခ်ခရိုင်အတွင်းရှိ  မဲဆောက်၊ မယ်လမတ်၊ ဖုပ်ဖရ၊ အုန်းဖန်နဲ့  ထာ့ဆောင်ယန်း မြို့နယ် ၅ ခု အကောက်ခွန်ဂိတ်တွေမှာ ခွင့်ပြုချက်မရဘဲ ကုန်စည်တွေ တင်သွင်း၊ တင်ပို့သွားလာတာတွေမလုပ်ဖို့  ထိုင်းဘုရင့်တပ်မတော် နရေးဆွန်စစ်ကြောင်းက နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းက ကျေးရွာတွေကို မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲပြီးနောက် ခုလို နယ်စပ်က တရားမဝင် စက်လှေဂိတ်တွေကို ထိုင်းဘက်က ပိတ်လိုက်တာပါ။

ထိုင်းရောက် မြန်မာစစ်ဘေးရှောင်အရေး ကူညီပေးနေသူတယောက်က “မြဝတီဘက်အခြမ်းက မင်းလက်ပံ၊ ကျောက်ခက်၊ ဝေါလေဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေ ပြင်းထန်နေလို့ပိတ်လိုက်တာ” လို့​ ပြောပါတယ်။

လတ်တလော မြန်မာဘက်အခြမ်းမှာရှိတဲ့ DKBA တပ်ဖွဲ့တွေဘက်ကလည်း ကမ်းကူးဂိတ်တွေရှိတဲ့ မော်လီချိုင်း၊ ကျောက်ခက်၊ မင်းလက်ပံ  စက်လှေ ကူးတို့ဆိပ်တွေကို ပိတ်ထား ပါတယ်။

မြဝတီမြို့နယ် မင်းလက်ပံကျေးရွာဘက်မှာ စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေအကြား မနေ့ညနေကနေ ညသန်းခေါင်လောက်အထိ  တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲ ကိုပါကျရောက်ပေါက်ကွဲခဲ့လို့ ရွှေ့ပြောင်းမြန်မာ အမျိုးသမီးတယောက်နဲ့ ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ နယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့မနက်က မြန်မာဘက်ကပစ်ခတ်တဲ့ ၆၀ မမ လက်နက် ကျည် ၅ လုံး ထိုင်းဘက်ကို ကျလာလို့ ထိုင်းစစ်တပ်ကလည်း  မြန်မာဘက်ကို သတိပေးတဲ့အနေနဲ့  ၁၂၀ မမ မီးခိုးဗုံး ၄လုံးနဲ့ ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ် တရားမဝင် ကူးတို့ဆိပ်တွေကို ထိုင်းဘက်က ရက်အကန့်အသတ်မရှိ ဆက်ပိတ်ထားမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပြီး ခုလို ပိတ်ထားတဲ့အတွက် နှစ်နိုင်ငံ ကုန်စည်ပစ္စည်းစီးဆင်းမှုနဲ့  လူတွေ တရားမဝင် ဖြတ်သန်း သွားလာဖို့ အခက်အခဲရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013