
လတ်တလော ထိုင်းတောင်ပိုင်း ခရိုင် ၉ ခုမှာ သဘာဝရေဘေးအန္တရာယ်ကြုံနေရပြီး ဆုန်ခလာ ခရိုင်က အဆိုးရွားဆုံးဖြစ်ကြောင်း၊ သေဆုံးသူဦးရေမှာလည်း ၂၀၀ ထိရှိလာနိုင်မယ်လို့ ထိုင်းအ စိုးရ က ပြောပါတယ်။
ဆုန်ခလာခရိုင်မှာ ရေကျသွားတဲ့နောက် ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးပုံတွေ ရှင်းလင်း ရင်း အိမ်ထဲပိတ်မိနေသူတွေကို ရှာဖွေတာမှာ အလောင်းတွေ ဆက်တိုက်တွေ့ရှိနေတာပါ။
နိုဝင်ဘာ ၂၇ ရက်ညနေ ၄ နာရီ သတင်းစာရှင်းပွဲမှာ ရေဘေးကြောင့် သေဆုံးသူ ၈၅ ယောက်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ နောက်ထပ်တွေ့ရှိချက်တွေအရ သေဆုံးသူပေါင်း ၂၀၀ ထိ ရှိလာနိုင်တယ်လို့ အစိုးရ ဝန်ကြီးများရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်းဆီရိဖုန်း အန်ခစကွန်းကစ်က ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။
တရားဝင်ထုတ်ပြန်ချက်မှာ ဆေးရုံက အလောင်းကို စစ်ဆေးအတည်ပြုထားတဲ့သူတွေသာဖြစ် တယ်၊ မည်သို့ဆိုစေ ဒီဖြစ်ရပ်အတွက် လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ကျန်ရစ်သူ မိသား စုတွေအတွက် ကရုဏာကြေးတွေ အမြန်ဆုံးပေးအပ်ကူညီသွားမယ်လို့ နိုင်းဆီရိဖုန်း က ပြောပါတယ်။
ဆုန်ခလာခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း သောင်းနဲ့ချီ ဝင်ရောက်လုပ်ကိုင်နေပြီး ရေဘေးသင့်သူတွေလည်း ထောင်နဲ့ချီရှိပါတယ်။
ရေဘေးကြောင့် သေဆုံးတဲ့ မြန်မာလုပ်သား မတွေ့သေးဘူးလို့ အလုပ်သမားကူညီရေး အဖွဲ့တွေက ပြောပါတယ်။
အမှတ် ၉ ခရိုင် သက်သေခံစစ်ဆေးရေး ရဲတပ်ဖွဲ့ကတော့ မနေ့ည ၈ နာရီခွဲထိ ဆုန်ခလာရေ ဘေးကြောင့် သေဆုံးသူစာရင်း ၁၁၃ ဦး ရရှိတယ်၊ ဆုန်ခလာဆေးရုံကြီးက ပို့လာတဲ့ စာရင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရေထဲမှာရော အိမ်ထဲမှာပါတွေ့ရှိတဲ့စာရင်းတွေဖြစ်တယ်။ အဲဒီထဲက အယောက် ၂၀ ဟာ ဘယ်သူဘယ်ဝါမှန်း စစ်ဆေးလို့မရသေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
အစိုးရက ရေကြီးမှုကြောင့် သေဆုံးသွားရသူတွေအတွက် ဂရုဏာကြေးတဦးကို ဘတ် ၂,၀၀၀, ၀၀၀ စီ ပေးအပ်မယ်၊ ရေဘေးသင့် တအိမ်ထောင်လျှင် ဘတ် ၉,၀၀၀ နဲ့ ရေထဲနေနေရတဲ့ ကာလ အပိုင်းအခြားပေါ်တွက်ချက်ပြီး ဘတ် ၅,၀၀၀ မှ ၂၀,၀၀၀ ထိ ထပ်ဆောင်းပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ကူညီရေးဦးစီးဌာန DDPM ထုတ်ပြန်ချက်အရ ဆုန်ခလာခရိုင်အနေနဲ့ ရေဘေးသင့် ၁၆ မြို့နယ်ရှိပြီး ဟတ်ယိုင်မြို့က အဆိုးရွားဆုံးကြုံခဲ့ရတယ်၊ ရေဘေးသင့်တဲ့ ရပ်/ကျေးပေါင်း ၁၆၂ ခု လူပေါင်း ၂၄၃, ၇၇၈ ဦးဖြစ်တယ်၊ လူပေါင်း ၁၆, ၁၀၁ ဦး ကယ်ဆယ်ရေးစခန်း ၁၆ ခုကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ခရိုင်တခုလုံးအနေနဲ့ကတော့ ရေဘေးသင့် ၁၆ မြို့နယ်၊ ၂၅၈ ရပ်ကွက်/ကျေးရွာ၊ အိမ်ထောင်စု ၄၀၃ , ၀၅၃ စု၊ လူပေါင်း ၁,၁၁၁, ၇၁၅ ဦး၊ ရွှေ့ပြောင်းရသူ ၃၇, ၆၅၄ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။
၆ ရက်တာ ရေကြီးမှုကြောင့် ဆုန်ခလာခရိုင်မှ လမ်း ၂၂၈ သွယ်၊ တံတား ၁၂ ခု၊ စာသင်ကျောင်း ၄၁ ခု၊ ဘုန်းကြီးကျောင်း နဲ့ ဘာသာရေးအဆောက်အဦ ၃၈ ခု ပျက်စီးတယ်၊ လူနေအိမ် ၂ လုံး လုံးဝပျက်စီးပြီး အစိတ်အပိုင်းအချို့ ပျက်စီးတဲ့အိမ် ၁၀၇၄ လုံးရှိတယ်၊ ဆန်စပါးနဲ့ ကောက်ပဲသီးနှံစိုက်ခင်း ၂၆,၀၀၀ Rai ( ဧက ၁၃ ,၀၀၀ ) ကျော် ပျက်စီးတယ်လို့ ဆိုပါတယ်။
ဆုန်ခလာခရိုင်မှာ ရေကျသွားပေမဲ့ ဆဒွန်းခရိုင်ဘက်ကို ရေစီးဆင်းသွားတာကြောင့် အဆိုပါ ခရိုင်ထဲမှာလည်း ရေကြီးရေလျှံမှုတွေ ထပ်မံဖြစ်ပေါ်နေပါတယ်။
Source : TNN News / CH3 News /DDPM











