
ပြင်သစ်ပိုင် ပိုလီနီးရှားကျွန်းစုထဲက တဟီတီကျွန်းမှာ မြေပြိုမှုကြောင့် လူ ၇ ယောက် သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ ပြင်သစ်ပြည်ပရေးရာ ဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ကြေညာပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက အာဖှာအာဟီတီမှာ ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရတဲ့ မိသားစုတွေကို နိုင်ငံတော်ရဲ့ အပြည့်အဝ ထောက်ပံ့မှု ပေးအပ်နေပြီး လူတွေလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း X မှာ ရေးသားထားတဲ့ ပို့စ်တခုမှာ ပြောကြားခဲ့ပါတယ်။
မီတာ ၃၀ အမြင့်ရှိ မြေပြိုမှုဟာ နိုဝင်ဘာ ၂၆ ရက်မှာ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၉ လုံးနဲ့ အဲဒီ နေရာ တဝိုက်မှာ နေထိုင်သူ ၅၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြင်သစ် ပိုလီနီးရှားရှိ သမ္မတနိုင်ငံရဲ့ မဟာမင်းကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်မှာ ပြောကြားခဲ့ပါတယ်။
နေအိမ်တွေ ရေထဲ မျောပါသွားပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
မြေပြိုမှု ဖြစ်ပွားရာနေရာကို တူးဖော်ဖို့ မြေတူးသမားအများအပြား ရောက်ရှိလာတာကို ဗီဒီယိုမှာ ပြသထားပါတယ်။
ဒုတိယအကြိမ် မြေပြိုမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေလည်း မျောပါသွားပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို နာရီပေါင်းများစွာ ရပ်ဆိုင်းထားရကြောင်း ပြင်သစ်နေ့စဉ်သတင်းစာ လူမွန်ဒေက ဖော်ပြပါတယ်။
နောက်တော့ သူတို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့ပြီး တညလုံး ဆက်လက် လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ရကြောင်းလည်း ဖော်ပြထားပါတယ်။
တဟီတီ ဟာ ပြင်သစ်ပိုင် ပင်လယ်ရပ်ခြားနယ်မြေများစွာထဲမှ တခုဖြစ်ပြီး တဟီတီကျွန်းဟာ ပြင်သစ် ပိုလီနီးရှားမှာ ကျွန်းပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။
Source:Reuters











