DVB Logo
Home
မြန်မာသတင်း
“တိုင်းပြည်၊ လူမျိုးနဲ့ ပါတီအတွက် အလုပ်ဆက်လုပ်ဖို့ အားတင်းထားတယ်” - ဦးကြည်တိုး 
DVB
·
November 27, 2025
“တိုင်းပြည်၊ လူမျိုးနဲ့ ပါတီအတွက် အလုပ်ဆက်လုပ်ဖို့ အားတင်းထားတယ်” - ဦးကြည်တိုး 
Donate to DVB

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ အင်းစိန်ထောင်ကန ပြန်လွတ်မြောက်လာတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့မှ ဦးကြည်တိုးက တိုင်းပြည်နဲ့ လူမျိုးနဲ့ ပါတီအတွက် အလုပ်ဆက်လုပ်ဖို့ အားတင်းထားတယ်လို့ DVB ကို ပြောပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးအကျဉ်းချထားသူ ၇၀၀  ကျော်ကို နိုင်ဝင်ဘာ ၂၆ ရက်ညက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ၂,၃၀၀ ကျော်ကိုတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ  ၅၀၅-က နဲ့ပတ်သက်တဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးလိုက်ပါတယ်။

အဲဒီလို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အတွက် ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်က ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းချခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့က ဦးကြည်တိုး အပါအဝင် အမျိုးသား ၁၆၅ ယောက်နဲ့ အမျိုးသမီး အယောက် ၅၀ တို့ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ 

NLD   ဗဟိုသတင်းပြန်ကြားရေးအဖွဲ့မှ  ဦးကြည်တိုးက “၂၀၂၁ မှာပဲ ကျနော်တို့ ထိန်းသိမ်းခံခဲ့ရပါတယ်။ ထိန်းသိမ်းခံခဲ့ရပြီးတော့ ၅၀၅ နှစ်မှုနဲ့၊ နောက် ထူးထူးခြားခြားပေါ့ဗျာ ၅၀၅ နှစ်မှုနဲ့ အပြစ်ဒဏ်ကျပြီး ၂ နှစ်ကြာတဲ့အခါမှ တတိယအမှု electronic act ၃၃ (ခ) အတပ်ခံရတယ်ပေါ့။ ထားပါတော့ ဒါတွေကတော့ အခုလောလောဆယ်ကတော့ ကျင့်ထုံး ၄၀၁ အပိုဒ် ၁ နဲ့ တနှစ်ကျော်ကျော်လောက် စောပြီး လွှတ်ပေးလိုက်တယ်ပေါ့၊ ဒါပါပဲ။ အဓိကကတော့ ကျနော် ထောင်ထဲမှာ ကျန်းမာရေး ကောင်းအောင်နေတယ်၊ စိတ်ဓာတ်ခွန်အား ရှိအောင် နေတယ်။ ကိုယ့်အချင်းချင်း စောင့်ရှောက်တယ်။ နောက်ပြီးတော့ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက် ပါတီအတွက် ကျနော်တို့ အပြင်မှာ ဆက်အလုပ်လုပ်ဖို့အတွက် အားတင်းထားတယ် ဒါပါပဲ” လို့ ပြောပါတယ်။

ပုဒ်မ ၅၀၅-က ဆိုတာကတော့ အများပြည်သူ ထိတ်လန့်အောင် မမှန်သတင်းဖြန့်တာ၊ အစိုးရ အရာထမ်းအမှုထမ်းကို ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တာတို့ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ စစ်တပ်က အာဏာသိမ်းပြီးကာစ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖြည့်စွက်ထားတဲ့ ပုဒ်မဖြစ်ပါတယ်။

ဒီပုဒ်မဟာ စစ်အစိုးရအား ဝေဖန်သူတွေကို နိုင်ငံရေး ပုဒ်မ တမင်တပ်တဲ့ ပုဒ်မဖြစ်ပြီး အခုလွှတ်ပေးလိုက်တဲ့သူတွေဟာ စကတည်းက အဖမ်းခံရသင့်တဲ့ သူတွေ မဟုတ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“နိုင်ငံရေးအရ အဓိကမဟုတ်ဘူး၊ အမြင်ကပ်တာပေါ့၊ စစ်အစိုးရက သူတို့ကို ထိကပါး ယိကပါး ပြောတယ်၊ Like တွေ ပေးတယ်၊ အဲ့ဒါမျိုးတွေပေါ့၊ အမြင်ကပ်တဲ့ သူတွေကို ဖမ်းတာပေါ့။ ဆရာတို့တွေလည်း ပါတယ်လေ၊ ဖွဲ့စည်းပုံပြင်ဖို့ ဆိုပြီးတော့ ၈ မိနစ်ပဲ ပြောတယ်၊ အဲ့ဒါ ၅၀၅ နဲ့ ဆရာရယ်၊ ကိုစောဝေရယ်၊ ဗိုလ်ကြီး နေမျိုးဇင်ရယ်ကို တရားစွဲတယ်၊ ကလေးတွေလည်း များတယ်၊ နိုင်ငံရေး ပုဒ်မ တမင်တပ်တာပါ။ သာမန်ကွာ နည်းနည်းပါးပါး အတိမ်းအစောင်းလေးတောင်မခံဘူး၊ အဲ့လူတွေကို ၅၀၅ တပ်တာပေါ့နော်။ ရွေးကောက်ပွဲအတွက် အသုံးချတာပေါ့၊ ဝါဒဖြန့်တာပေါ့နော်၊ အစကတည်းက ဒီလူတွေက ဖမ်းရမယ့်သူတွေမဟုတ်ဘူး။ ဖမ်းသင့်တဲ့သူတွေ မဟုတ်ဘူး၊ ဖမ်းသင့်တဲ့သူတွေ မဟုတ်တာကို လွှတ်ပြလိုက်ခြင်းအားဖြင့် သူတို့ အမြတ်ထုတ်လိုက်တာပေါ့နော်။”

ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရသူ ၅၅၈၀ ကိုလည်း စစ်ကောင်စီက အမှုက ပိတ်သိမ်းပေးခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာစပြီး စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် အဲဒီလို အမှုပိတ်သိမ်းပေးလိုက်တာလို့ စစ်တပ်ရဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိမှာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရလို့ တိုင်းတပါးကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုဇော် (အမည်လွှဲ) ကတော့ အခုလို ၅၀၅-က နဲ့ အမှုဖွင့်တာကို ပိတ်သိမ်းတဲ့အပေါ် အယုံအကြည်မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ အထဲပြန်ဝင်သွားရင် သေချာပေါက် သူတို့ကတော့ ဒါနဲ့တော့ မဟုတ်ဘူး၊ အကြမ်းဖက် အားပေးတို့၊ အခု လုပ်မယ့် ရွေးကောက်ပွဲကို ကျနော်တို့က အယုံအကြည်မရှိဘူး၊ အတုအယောင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတဲ့အတွက်ကြောင့်မို့ ဒါတွေကို ဆန့်ကျင်တာတွေ လုပ်နေတဲ့အတွက် သူတို့က ဒီအတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေထုတ်ထားတာရှိတာကို၊ အဲ့ဒါနဲ့ ပိုပြီးတော့ ပြင်းထန်တဲ့ ဖမ်းဆီးမှုတွေနဲ့ ပိုပြီးတော့ ပြင်းထန်တဲ့ ထောင်ဒဏ်တွေ လုပ်နိုင်တယ်။ သူတို့ လက်ရှိ မနေ့က ထုတ်ပြန်တဲ့ ၅၀၅ တွေ ရုတ်သိမ်းတယ်ဆိုတာကို ကျနော်တို့က အယုံအကြည်မရှိဘူး။” 

တကယ်တော့ စစ်တပ်က ၅၀၅-က အမှုအတွက် လွတ်ငြိမ်းခွင့်ပေးလိုက်လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ သူတို့ ဖမ်းဆီးထားတဲ့ ပမာဏနဲ့  ယှဉ်ကြည့်ရင် မပြောပလောက်တဲ့ ပမာဏ ဖြစ်နေပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးကတော့ အခုလိုလွတ်ငြိမ်းသက်သာခွင့်ပေးတာဟာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတွက် ဟန်ပြသဘောသက်သက်သာ လွှတ်ပေးခဲ့တာလို့လည်း သုံးသပ်ပြော ပါတယ်။

“စစ်တပ်အနေနဲ့တော့ ၅၀၅ တွေကို ဟန်ပြ သဘောမျိုးပေါ့နော် ရှေ့ကနေမှ ရွေးကောက်ပွဲကို အကြောင်းပြပြီး လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတကာကလည်း သူတို့ဟာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို စပြီးမှ လုပ်ဆောင်လာပြီဆိုတဲ့ အမြင်မျိုးကို သူတို့ လိုချင်တာပါတယ်။ ‌နောက်တခုက သူတို့အတွက် ရွေးကောက်ပွဲလုပ်ဖို့ အတွက် ရည်ရွယ်ပြီးမှ လွှတ်ပေးတယ်ဆိုတဲ့ သတင်းစကားကို ဦးတည်ပြီးမှ လွှတ်ပေးတာ ဖြစ်တဲ့အတွက် ဘယ်သတင်းဌာနကပဲ ရေးရေးပေါ့နော်၊ ဒါဟာ ရွေးကောက်ပွဲအတွက် ရည်မှန်း လွှတ်ပေးလိုက်ပါတယ်ဆိုတဲ့ သတင်းဌာနဟာ ပြည်တွင်းကရော ပြည်ပကရော ရေးကြမှာ ဖြစ်တဲ့အခါမျိုးမှာ သူတို့ရဲ့ ရွေးကောက်ပွဲကိုပါ Promote လုပ်ပြီးသား ဖြစ်တယ်ပေါ့နော်၊ ဒီအတွက် ရည်ရွယ်ပြီးမှ လွှတ်တယ်လို့ ကျနော်မြင်တယ်။ တကယ့်တကယ် အကျဉ်းထောင်ထဲမှာ လွှတ်ပေးမယ်ဆိုရင် လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်အပါအဝင် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော်သော နိုင်ငံရေးအကျဉ်းသားအားလုံးပေါ့နော် လွှတ်ပေးဖို့ လိုအပ်တယ်။” 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၅ ဧပြီလအထိ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ၁၈ ကြိမ်ကြေညာခဲ့ပြီး အဲ့ဒီ ပြန်လွတ်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားဟာ ၈,၀၀၀ ကျော်သာရှိပြီး ဒါဟာ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု ၈ ရာခိုင်နှုန်းသာ ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၃၀,၀၀၀ ကျော်ရှိပြီး အဲ့ဒီထဲက  ၂၀,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲ ဖြစ်သလို ဒီထိန်းသိမ်းခံထားရသူတွေထဲ ၁၁,၀၀၀ ကျော်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013