DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့တွင် ရေပြန်ကျပြီး ဆုံးရှုံးမှု များပြား 
DVB
·
November 27, 2025
ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့တွင် ရေပြန်ကျပြီး ဆုံးရှုံးမှု များပြား 
Donate to DVB

ထိုင်းတောင်ပိုင်း ခရိုင် ၉ ခုမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံနေတာမှာ တောင်ပိုင်းဒေသရဲ့ အထင်ကရ မြို့တော် ဟတ်ယိုင်မှာတော့ ဒီကနေ့   နိုဝင်ဘာ ၂၇ ရက် မနက်ကစ ရေ တရိပ်ရိပ်ကျဆင်းသွားပြီဖြစ်ပါတယ်။ 

ရေကျသွားတာနဲ့အမျှ ပျက်စီးနေတဲ့ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ၊  ဆိုဖာ၊ ဘီဒို၊ ရေခဲသေတ္တာ အစရှိ အိမ်ထောင်ပရိဘောဂတွေ၊ ပန်းအိုးတွေ၊  သေဆုံးနေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မြို့အနှံ့ ပြန့်ကျဲလို့နေပါတယ်။ 

နာရီပေါင်း ၁၀၀ ကျော် ရေထဲပိတ်မိနေတဲ့ ပြည်သူတွေဟာ လမ်းမပေါ်ဆင်းလာပြီး သန့်ရှင်းရေးလုပ်သူလုပ် ဥဒဟိုသွားလာပြီး နေ့စဉ်ဘဝ ပုံမှန်ဖြစ်အောင် ကြိုးစားနေကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရေထဲပိတ်မိပြီး အားပြတ်နေတဲ့သူတွေကို လိုက်လံရှာဖွေကာ ဆေးရုံတွေဆီ ပို့ဆောင်ပေးနေပါတယ်။ အချို့မှာ ၃- ၄ ရက် အစာမစားရလို့ ပျော့ခွေနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ သေဆုံးသူအချို့ တွေ့ပေမဲ့ အရေအတွက်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 

ရေကျသွားပေမဲ့ လျှပ်စစ်မီး နဲ့ ရေပေးဝေမှုတော့ မရသေးဘဲ ပြည်သူတွေဆီ အမြန်ဆုံးဖြန့်ဝေ ပေးနိုင်အောင် ပြင်ဆင်ဆောင်ရွက်နေကြောင်ေ၊ အဆင်မပြေမှုအတွက် တောင်းပန်ကြောင်း မြို့တော်စည်ပင်သာယာက ထုတ်ပြန်ထားတယ်လို့  ဟတ်ယိုင်ဒေသသတင်းမှာ ဖော်ပြပါတယ်။ 

ဆုန်ခလာခရိုင်မှာ ဒီနှစ်ထဲ ရေကြီးမှုဟာ အလွန်ဆိုးရွားပြီး ဆုံးရှုံးမှု ဘတ်သန်းပေါင်း ၁၀,၀၀၀ ကျော်မယ်လို့  ဆုန်ခလာခရိုင်ကုန်သွယ်ရေးအသင်းက ခန့်မှန်းကာ ပွင့်လင်းရာသီကာလ ခရီးသွား လုပ်ငန်းပေါ်လည်း ထိခိုက်မှုရှိမယ်လို့  ထိုင်းလူမှုစီးပွားသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းတောင်ပိုင်း ဆုန်ခလာ၊ ပတ္တနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ နာရာသီဝပ်၊ ယလား နဲ့ ဆဒွန်း စတဲ့ ခရိုင် ၇ ခုမှာ GISTDA ဂြိုဟ်တုကနေ ရိုက်ယူခဲ့တဲ့ အချက်အလက်အရ ရေလွှမ်းမိုးခံခဲ့ရတဲ့ လယ်မြေပေါင်း ၃၃၄,၈၉၅ Rai (ဧကပေါင်း ၁၇၀,၀၀၀) နီးပါးရှိတယ်လို့  ထိုင်းဆည်မြောင်းနဲ့စိုက်ပျိုးရေးဌာန (SWOC) ကထုတ်ပြန်ပါတယ်။ 

အစိုးရအနေနဲ့ ထိုင်းမြောက်ပိုင်း ရေဘေးပြန်လည်ထူထောင်ရေးမှာ  ရန်ပုံငွေ ဘတ်သန်းပေါင်း ၃,၈၁၄ သန်း သုံးစွဲမယ်လို့  ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီလကွန်းက ထုတ်ပြန်ပြောဆိုပါတယ်။ 

၂၀၂၅ ခုနှစ်တွင်း တနိုင်ငံလုံးမှာ ရေဘေးသင့်တဲ့ ခရိုင်ပေါင်း ၆၅ ခရိုင်ရှိပြီး ရေကြီးဒဏ်ခံရတဲ့အိမ် တအိမ်ကို ဘတ် ၉, ၀၀၀ စီ ထောက်ပံ့ဖို့ အစိုးရက ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင်  ရက်ပေါင်း ၆၀ ထိ ရေဘေးဒဏ်ခံရပါက တအိမ်ထောင် ဘတ် ၅,၀၀၀ စီ၊  ရက်ပေါင်း ၉၀ ထိ  ရေဘေးခံရက ဘတ် ၁၀၀၀၀ စီ၊ ရက်ပေါင်း ၁၂၀ ထိ ရေဘေးဒဏ်ခံရက ဘတ် ၁၅, ၀၀၀ ထိ၊ ရက်ပေါင်း ၁၂၀ နဲ့အထက် ခံ နေရက ဘတ် ၂၀, ၀၀၀ စီ ထပ်ဆောင်းပေးမယ်လို့  ဆိုပါတယ်။ 

ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဌာန (DDPM) က နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီ အတည်ပြုထုတ်ပြန်ချက်အရ ထိုင်းတောင်ပိုင်း ၉ ခရိုင်မှာ ရေကြီးမှုကြောင့် ၁၀၅ မြို့နယ် ၇၀၈ အုပ်စု ရပ်ကွက်/ကျေးရွာပေါင်း ၅၂၄၃ က အိမ်ထောင်စုပေါင်း ၁,၀၇၈, ၆၁၇ စု လူပေါင်း ၂,၉၅၃, ၂၀၆ ဦး ရေဘေးသင့်ခဲ့တယ်၊ သေဆုံးသူ ၂၅ ဦးရှိတယ်လို့  ဆိုပါတယ်။ 

Source : Today News / Thairath / DDPM 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013