DVB Logo
Home
မြန်မာသတင်း
TPS ရပ်ဆိုင်းမှုကို တုံ့ပြန်ရန်  မြန်မာရေးလှုပ်ရှားသူများ အကြံပြု
DVB
·
November 27, 2025
TPS ရပ်ဆိုင်းမှုကို တုံ့ပြန်ရန်  မြန်မာရေးလှုပ်ရှားသူများ အကြံပြု
Donate to DVB

အမေရိကန်အစိုးရက မြန်မာနိုင်ငံသားတွေကိုပေးထားတဲ့ ယာယီကာကွယ်ခိုလှုံနေထိုင်ခွင့် (TPS) ကို ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ အဖြေရှာ သင့်တယ်ဆိုတာကို အမေရိကန်ရောက်မြန်မာ့အရေးဆောင်ရွက်သူတွေ အကြံပြုပြောပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် သမ္မတဂျိုးဘိုင်ဒန်လက်ထက် အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၄,၀၀၀ ဝန်းကျင်ကို ယာယီကာကွယ်ခိုလှုံခွင့် TPS ပေးခဲ့တာပါ။

အခုသမ္မတ ထရမ့်ပ်လက်ထက် ဒေသစံတော်ချိန်နိုဝင်ဘာ ၂၄ ရက်မှာ TPS ကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်းအသက်ဝင်လာမှာ ဖြစ်ပါတယ်။

ထရမ့်ပ်အစိုးရဟာ အောက်တိုဘာ ၁ ရက်ကစတင်ပြီး ၄၃ သုံးရက်ကြာ အစိုးရယန္တရား စံချိန်တင်ရပ်ဆိုင်းထားရတဲ့ ဖြစ်စဉ်အပါအဝင် လွှတ်တော်နဲ့အဆင်မပြေတာ၊ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်တာတွေအကြားမှာ မြန်မာ့အရေးဟာ ကြားညှပ်သလိုဖြစ်ခဲ့တယ်လို့ အမေရိကန်ရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။

ရက်ပေါင်း ၆၀ အတွင်း TPS ဖျက်သိမ်းမှုကို ပြန်မပြင်နိုင်ခဲ့ရင် နောက်ဆုံးအဆင့်အနေနဲ့ ပြည်နှင်ဒဏ်ပေးတာကို ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ အချိန်ရွှေ့ဆိုင်းတာ၊ မြန်မာပြည်ကိုပြန်ပို့ တာမျိုးမဟုတ်ဘဲ လုံခြုံဘေးကင်းတဲ့တခြားနိုင်ငံတခုကို ပို့ပေးဖို့တောင်းဆိုနိုင်တာ စတဲ့ နည်းလမ်းတွေ ရှိသေးတယ်လို့ ဆိုပါတယ်။ 

ဒီလိုလုပ်ဆောင်နိုင်ဖို့ သက်ဆိုင်သူတွေအနေနဲ့ ခိုင်လုံတဲ့အကြောင်း ပြချက်နဲ့ လိုအပ်တဲ့ အထောက်အထားတွေကို  ပြင်ဆင်ထားဖို့လိုတယ်လို့ မြန်မာရေးလှုပ်ရှားသူတွေက အကြံပြု ပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဦးရင်အေးက “ပြည်တွင်းရေးက နိုင်ငံရေးကစားကွက်တွေရယ်၊ နောက်ပြီးတော့ ကမ္ဘာ့နိုင်ငံရေးကစားကွက်တွေရှိတယ်၊ တရုတ်နဲ့ သူနဲ့ ကစားကွက်တွေ ဒါတွေလည်းသက်ဆိုင်တယ်ပေါ့နော်။ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒင်လုပ်ထားတဲ့ဟာမှန်သမျှကို ပြန်ပြီးတော့သူက ပြောင်းပြန် ပြန်လှန်လာတယ်။ လွှတ်တော်နဲ့ အစိုးရကြားမှာလည်း လွှတ်တော်က ဥပဒေပြုပေးတာတွေကို သူ့အနေနဲ့ အကောင်အထည်မဖော်ဘူး။ မလိုက်နာဘူးဆိုတာတွေလည်း သူကပြချင်တဲ့အ နေအထားတွေပါတယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကပဲ လွှတ်တော်က ကြားနာ မှုလုပ်သွားတာလေ၊ လုပ်ပြီးတော့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး တကယ် ထဲထဲဝင်ဝင် နားလည်နေတဲ့ အမတ်တွေ၊ ကျွမ်းကျင်သူတွေက ဆွေးနွေးသွားတာနဲ့ အခုလက်ရှိလုပ်နေတာက ပြောင်းပြန်လေ။ TPS နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးအာဏာနဲ့ ပြည်နှင်တာကို နောက်ဆုတ်ထားလို့ ရတယ်။ ခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ ချဉ်းကပ်ပြီးတော့ အရင်တုန်းကရှိခဲ့တယ်၊ အခုလည်း သုံးလို့ရတယ်ပေါ့၊ အုပ်ချုပ်ရေးအာဏာပေါ့။ တကယ်လို့နောက်ဆုံးမရတော့လို့ ပို့တယ်ဆိုရင်တောင်မှပဲ အန္တရာယ်ကင်းတဲ့နိုင်ငံတခုကိုပဲပို့ဖို့ ဆိုတာမျိုးတွေပေါ့။ ဒါက ကျနော်တို့ TPS နဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ကြိုးစားလို့ရနိုင်တဲ့အချက်တွေပေါ့။ ဒါပေမဲ့ အဓိကပြောင်းရမှာက သူတို့ပြောထားတဲ့ အကြောင်းပြချက်ကို ကျနော်တို့က ပြန်ပြင်ပေးရမယ်၊ အဲ့ဒါပြန်ပြင်လို့ရ သွားရင်တော့ TPS ကိစ္စလည်း ပြန်ပြီးတော့ သက်တမ်းတိုးလို့ရသွားမယ်”လို့ ပြောပါတယ်။

အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က TPS ကိုရပ်ဆိုင်းကြောင်း ကြေညာခဲ့တာဖြစ်ပြီး ဌာနရဲ့လုပ်ရပ်ဟာ အမေရိကန်အစိုးရရဲ့နိုင်ငံ တကာ မူဝါဒဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်နေတယ်လို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

အထူးသဖြင့် TPS ကို ရပ်ဆိုင်းဖို့ဆုံးဖြတ်ရတဲ့ စီရင်မှုအကြောင်းပြချက်မှာ မြန်မာဟာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ အောင်မြင်တဲ့ အပစ်ခတ်ရပ်စဲရေးရှိလာတာ၊ အရေးပေါ်ကာလရပ်ဆိုင်းလိုက်လို့ နိုင်ငံသားတွေ နေရပ်ပြန်နိုင်တာ၊ ရွေးကောက်ပွဲရှိနေတာ စတဲ့အချက်တွေဖော်ပြထားတာဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတာဖြစ်ပါတယ်။

လော့စ်အိန်ဂျယ်လိစ်မှာနေထိုင်တဲ့ ဦးဂျိမ်းစ်ရွှေက “နိုင်ငံခြားရေးဥပဒေပိုင်း၊ ပေါ်လစီအဲ့ဒါကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတနဲ့ National Security Council ဆိုတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီ သူတို့တွေက ကိုင်တွယ်တာဗျ။ အဲ့ဒီတော့ ဒီ Department of Homeland Security က ပြည်တွင်းလုံခြုံမှုအတွက်ပဲ။ အဲ့ဒီတော့ သူတို့ဆီက အကြောင်းပြချက်က တကယ်တမ်းတော့ တရားမဝင်ဘူးဗျ။ အများယူဆတာကတော့ သူတို့သန်းပေါင်းများစွာပေးပြီးတော့ ဌားထားတဲ့ လော်ဘီလုပ်တဲ့လူတွေက ချဉ်းကပ်ပြီးတော့ မဟုတ်မမှန်သတင်းတွေပေးပြီးတော့ ဒီလိုဖြစ်လာအောင်လုပ်တယ်လို့ ယူဆတဲ့သူလည်း တော်တော်များတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဥစ္စာက စစ်တပ်အာဘော် လုံးဝဖြစ်နေတာကိုး၊ သိပ်တော့ မကောင်းဘူးပေါ့ဗျာ”လို့ ပြောပါတယ်။

စစ်ကောင်စီက ဩဂုတ်လမှာ အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီ DCI Group ကို တနှစ်ဒေါ်လာ ၃ သန်းပေးပြီးငှားရမ်းထားသလို PR ကုမ္ပဏီဖြစ်တဲ့ McKeon Group ကိုလည်း တလ ဒေါ်လာ ၆ သောင်းပေးပြီး ၆ လ စာချုပ်ထားတာပါ။

စစ်ကောင်စီက မြေရှားသတ္တုမက်လုံးနဲ့ အမေရိကန်အစိုးရကို ချဉ်းကပ်နိုင်ဖို့ကြိုးစားနေသလို အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြားဆက်ဆံရေးမတည်ငြိမ်တာကိုလည်း အခွင့်အရေးယူဖို့ ကြိုးစားနေတာဖြစ်ပါတ​​ယ်။

အမေရိကန်မှာရောက်နေတဲ့ မြန်မာ့အရေးဆောင်ရွက်သူတွေကတော့ အစိုးရနဲ့ လွှတ်တော်အပြင် တရားစီရင်ရင်ရေးအာဏာရှိတဲ့ ဖက်ဒရယ်တရားသူကြီးတွေကိုပါ ချဉ်းကပ်နိုင်ဖို့ကြိုးစားနေပါတယ်။

ဦးကိုကိုလေး (လေ့လာ-ဝေမျှ)က “အမတ်တွေကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့အသံကို ထုတ်မယ် ဖြစ်နိုင်ရင်ဥပဒေတခုပြုမယ်ပေါ့။ ဥပဒေကြောင်းအရ ဥပဒေမြန်မြန် ဆန်ဆန် အတည်ပြုလိုက်လို့ရှိရင် ဒါဥပဒေကြောင်းဖြစ်သွားတဲ့အတွက် လုပ်မယ်မလုပ်ဘူးဆိုတာတွေက အဲ့ဒီဥပဒေထက် ကျော်လွန်ပြီးလုပ်လို့မရဘူး။ နောက်တခုကလည်း အမေရိကန်မှာ ဖက်ဒရယ် တရားသူကြီးတွေရှိတယ်။ ဖက်ဒရယ်တရားသူကြီးတဦးဦးက ဒီဟာကို ကန့်ကွက်လိုက်တယ် ဆိုရင်လည်း ဒါဟာ ဆက်ပြီးလုပ်လို့မရတော့ဘူးပေါ့။ ကျနော်တို့အစုအဖွဲ့တွေက နည်းပေါင်းစုံရှာဖွေနေတယ်၊ ဆက်သွယ်နေတယ်၊ ကျွမ်းကျင်သူတွေနဲ့စကားပြောနေတယ်၊ ရှေ့နေတွေနဲ့ စကားပြောနေတယ်။ မိမိလွှတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ ကျနော်တို့ လုပ်ဆောင်နေကြတာပေါ့ဗျာ”လို့ ပြောပါတယ်။

ဆန်ဖရန်စစ္စကိုဗေးဧရိယာမှ ဒေါ်ခင်သီရိနန္ဒာစိုးက “ဖွဲ့စည်းထားတဲ့ စည်းရုံးရေးအင်အားစုတွေ ဒီကနေပြီး မေတ္တာရပ်ခံတာတွေလည်း စပြီးတော့လုပ်ဆောင်နေပြီဖြစ်ပါတယ်၊ ကိုယ်နဲ့သက်ဆိုင်ရာ အစိုးရ အရာရှိတွေ၊ လုပ်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေကိုစာတွေပို့ကြဖို့ကိုလည်း ကျမတို့ တိုက်တွန်းနှိုးဆော်ပြီးတော့မှ အခုမေတ္တာရပ်ခံတဲ့လုပ်ရှားမှုတွေလုပ်နေပါပြီ။ ဒီအရေးဟာ TPS ကိစ္စ တခုတည်းမဟုတ်ဘဲနဲ့ သူတို့သုံးသပ်ချက်အမှားတွေကြောင့်မို့လို့ မြန်မာ့နိုင်ငံရေးကြီးတခုလုံးကိုပါ ထိခိုက်နိုင်တဲ့အနေအထားဖြစ်တဲ့အတွက် ပြည်သူအားလုံး တက်ညီလက်ညီပါဝင်ပြီးတော့ လုပ်ဆောင်ကြဖို့ အင်မတန်အရေးကြီးပါတယ်”လို့ ပြောပါတယ်။

TPS ကိုဖျက်သိမ်းကြောင်းကြေညာခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာပဲ အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဖုန်းနဲ့စကားပြောပြီး ထိုင်ဝမ်အရေးအပါအဝင် နိုင်ငံတကာရေးရာ တချို့ဆွေးနွေးမှုတချို့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက အမေရိကန်ရောက်မြန်မာတွေ လုံခြုံစိတ်ချစွာပြန်လာပြီး ရွေးကောက်ပွဲမှာ မဲပေးနိုင်တယ်လို့ ဆိုထားပါတယ်။

အဲ့ဒါအပြင် နိုဝင်ဘာ ၂၆ ရက်မှာ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူအားလုံးမဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅ -က နဲ့ အကျဉ်းချခံထားရသူ ၇၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး တရားစွဲခံရသူ ၂,၃၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါတယ်။

၅၀၅-ကနဲ့ အမှုဖွင့်ခံရပြီး တိမ်းရှောင်နေသူ ၅,၅၀၀ ကျော်ကိုလည်း အမှုတွေပိတ်သိမ်းပေးတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013