DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးရေးကျောင်းများတွင် ပေါက်တူးမလောက်သဖြင့် ပညာသင်ကြားသူများ အခက်ကြုံ
DVB
·
November 27, 2025
စိုက်ပျိုးရေးကျောင်းများတွင် ပေါက်တူးမလောက်သဖြင့် ပညာသင်ကြားသူများ အခက်ကြုံ
Donate to DVB

မြန်မာနိုင်ငံတွင်း အသစ်ပြန်လည်ဖွင့်လှစ်လိုက်တဲ့ စိုက်ပျိုးရေးအထက်တန်းကျောင်းတွေမှာ ပေါက်တူးနဲ့ စက်ကိရိယာအပါအဝင် သင်ထောက်ကူပစ္စည်းတွေ မပြည့်စုံမှုကြောင့် စိုက်ပျိုးရေးပညာသင်ကြားသူတွေ အခက်အခဲဖြစ်ပြီး သင်ကြားရေးမှာနှောင့်နှေးနေပါတယ်။

စိုက်ပျိုးရေးအထက ဆရာမတယောက်က “ပျိုးအိတ်တွေလိုတယ်၊ အဓိကကတော့ မျိုးပေါ့‌နော်။ မျိုးတွေမရှိဘူး။ နောက်တခုက ပစ္စည်းတွေဘာတွေလိုလဲဆိုရင် အဲပေါက်ပြားတွေ၊ တူရွင်းတွေလည်း အရေတွက်တွေ အများကြီးလိုတယ်ရှင့်။ အဓိကကတော့မျိုးပါပဲ။ စမ်းရမယ့် မျိုးတွေရဲ့ ကုန်ကျစရိတ် အဲ့ဒါတွေလိုတယ်။ နောက်ပြီးတော့ ကလေးတွေမှာ လယ်ယာပစ္စည်းတွေသုံးတဲ့အခါမှာ ထွန်စက်တွေ ဘာတွေ၊ စက်မှုလယ်ယာ ယူဖို့က အခက်အခဲ ဖြစ်နေပါတယ်။ အဲ့လိုမျိုး ထွန်စက်တွေ ဘာညာတွေလည်း လိုတယ်ရှင့်။ လက်တွေ့ပြမယ့်ဟာတွေဆိုတော့ ကွန်ပျူတာ အရေအတွက်ကလည်း တလုံးပဲရှိတာ။ ကွန်ပျူ တာလည်းလိုတယ်၊ ပရောဂျက်တာတွေလည်းလိုတယ်” လို့ ပြောပါတယ်။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးပြဿနာတွေ့ကြုံလာရပြီးတဲ့နောက် ပိတ်သိမ်းထားတဲ့ စိုက်အထက ကျောင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ 

တနိုင်ငံလုံးမှာ စိုက်ပျိုးရေး အထကကျောင်းပေါင်း ၈၉ ကျောင်းဖွင့်လှစ်ထားပြီး ၉ တန်းအောင်မြင်ပြီးပါက ဆက်လက်သင်ကြားရမယ့် အခြေခံပညာနဲ့အတူ စိုက်ပျိုးရေးပညာကိုပါ တွဲဖက်သင်ကြားပေးတာ ဖြစ်ပါတယ်။ 

စိုက်အထက ကျောင်းတွေကနေ ကျောင်းသားကျောင်းသူတွေဟာ စာသင်ခန်းကထွက်ပြီး နီးစပ်ရာ စိုက်ပျိုးရေးခြံတွေကို မဖြစ်မနေ ကွင်းဆင်းသွားရောက်လေ့လာကြရပါတယ်။ စိုက်ပျိုးသီးနှံတွေနဲ့ ပိုးမွှားတွေ၊ ရောဂါတွေကြား လက်တွေ့ကွင်းဆင်းရတဲ့အတွက် ကျောင်းသားတွေအဖို့ ဒီဘာသာရပ်ဟာ စိတ်ဝင်စားဖွယ်ဖြစ်လာပါတယ်။

ကျောင်းသူတယောက်က “ပထမဦးဆုံးကတော့ စကွင်းဆင်းတုန်းကတော့ ပင်ပန်းလို့ လက်လျော့ချင်စိတ်တွေ ဘာတွေ ပေါက်လာတယ်။ နောက်ပိုင်းတော့ ကြီးလာရင်တော့ တောင်သူတွေရဲ့ စပါးကို ပိုလို့ကောင်းအောင် လုပ်ပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆက်ကြိုးစားတယ်ပေါ့” လို့ ပြောပါတယ်။

မြန်မာ့လယ်ယာလုပ်ငန်းမှာ လူ၊ နွားနဲ့ ထွန်ရာသိမ်းရာကနေ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အတူ အချိန်ခါမီ ပြီးစီးဖို့အတွက် ထွန်စက်ကစလို့ ရိတ်ခြွေစက်အဆုံး စက်မှုလယ်ယာစနစ်ကို မဖြစ်မနေ ကူးပြောင်းလာကြရပါတယ်။

စက်ကိရိယာ ကိုင်တွယ်သုံးစွဲနိုင်ဖို့က လယ်ယာလုပ်သားတွေအတွက် အရေးကြီးပေမဲ့ ကျွမ်းကျင်လုပ်သားမွေးထုတ်ပေးတဲ့ စိုက်အထက ကျောင်းတွေမှာတော့ စက်ကိရိယာတွေ မပြည့်စုံလို့ စက်မှုလယ်ယာဘာသာရပ်ကို မသင်ယူနိုင်ပဲ ဖြစ်နေကြတာဖြစ်ပါတယ်။ 

ဆရာမတယောက်က “သင်ရတာကတော့ နားလည်အောင်ပြောလို့တော့လွယ်တယ်။ တခါတလေကျတော့ ပစ္စည်းတခုကို ပါးစပ်နဲ့ပြောတာထက်စာရင် ဒီပစ္စည်းက ဒီလိုလေးဆိုတာ ပြလိုက်ရင် ကလေးတယောက်ရဲ့ မျက်လုံးထဲမှာ ပိုလည်းမြင်သလို အဲ့ပစ္စည်းကိုပြန်ပြီးတော့ လုပ်ငန်းစဥ်တခုမှာ ပြန်ပြီးအသုံးချတာက ပိုပြီးတော့ လွယ်ကူသွားတာ။ ကလေးတွေက အခုတိုင်းဆိုရင် ပေါက်ပြားကိုင်တာကအစ သေချာလေး မြင်ချင်တာ၊ ပေါက်ပြားပေါက်တာက အစ ပညာပါတယ်လေ။ အဲ့တော့ ထွန်စက်မောင်းတာတွေ သင်ပေးတယ်ဆိုပေမဲ့ အဲ့ပစ္စည်းတွေမရှိတော့ သူတို့ကိုစာနဲ့ကတော့ ဘယ်လိုမောင်းရတယ်၊ ဆိုတာ သင်ပေးပေမဲ့လည်း သူတို့မှာ ပစ္စည်းမရှိတဲ့အတွက် အမှန်တကယ် မလုပ်ရဘူးဆိုရင် ကလေးတယောက်က မလုပ်တတ်တော့ဘူးလေ။ ဒါမျိုးတွေတော့ရှိတာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ စကစ လက်အောက်ခံ ပညာရေးဝန်ကြီးက စိုက်အထကအပါအဝင် စိုက်မွေးစက်မှုအထကတွေကို တက်ရောက်ကြဖို့ ပြောဆိုထားပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ၂၄ ရက်မှာလည်း ဒုတိယမြောက် စိုက်ပျိုးရေးတက္ကသိုလ်ကို ဆက်လက်ဖွင့်လှစ်ခဲ့ပေမဲ့ စိုက်အထကတွေမှာ ပေါက်တူးမလုံလောက်တဲ့ ပြဿနာကရှိနေဆဲဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013