DVB Logo
Home
မြန်မာသတင်း
ကရင်နီတေးသံရှင် ခူးထဲဖဲ နှင့် ရက်ဂေးအဆိုတော် မုရှိ တို့ပါဝင်သည့် မိုးသောက်ချိန်စကားဝိုင်း (အပိုင်း၂)
DVB
·
November 27, 2025
ကရင်နီတေးသံရှင် ခူးထဲဖဲ နှင့် ရက်ဂေးအဆိုတော် မုရှိ တို့ပါဝင်သည့် မိုးသောက်ချိန်စကားဝိုင်း (အပိုင်း၂)
Donate to DVB

“မိုးသောက်ချိန်” DVB ရုပ်သံအစီအစဉ်ဟာ မြန်မာပြည်တွင်းပြည်ပမှာရှိတဲ့ လူငယ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတလည်းရ ရသပေါင်းစုံလည်း ပေးနိုင်အောင် ဖန်တီးထားတဲ့ အစီအစဉ်လေးတခု ဖြစ်ပါတယ်။

ဒီတပတ်မှာတော့ “ဘ၀ရဲ့မှတ်တိုင်”သီချင်းအကြောင်း ပြောပြတဲ့ ကရင်နီအနုပညာရှင် ခူးထဲဖဲနဲ့ “နိုင်ငံရေးသမားတိုင်း မင်း မယုံနဲ့” ဆိုတဲ့ ရက်ဂေးအနုပညာရှင်မုရှိတို့က ပွင်းပွင့်လင်းလင်း ပါဝင်ဆွေးနွေးပေးထား ပါတယ်။

ဒီအစီအစဉ်မှာ DVB ဝိုင်းတော်သား အစီအစဉ်တင်ဆက်သူတွေဖြစ်ကြတဲ့ ဝမ်ဒီ နဲ့ ဖူးအိအိနွယ် တို့က ပူးပေါင်းတင်ဆက်ပေးထားပါတယ်။

ကရင်နီအနုပညာရှင် ခူးထဲဖဲက သူဖန်တီးထားတဲ့ သီချင်းတွေနဲ့ သူ့ဘဝမှာ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ပြောပြပေးထားပါတယ်။

“ဘဝမှတ်တိုင်သီချင်းက အမှန်အတိုင်းပြောရင် ဒီသီချင်းက အရမ်းကိုစီးတယ်လို့ ပြောရမလားပေါ့၊ ဒီသီချင်း မထွက်ခင် ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ဒီသီချင်းကိုရတာ။ ဒီသီချင်းကိုရတော့ သီချင်းသွင်းမယ်လို့လုပ်တဲ့အချိန်မှာ မှတ်မှတ်ရရ လွိုင်ကော်မှာ၊ သီချင်းသွင်းတဲ့အချိန်မှာ ကျနော်တို့ကို ဝင်ဖမ်းတော့၊ ကျနော်တို့က ရှေ့ဆုံးက တို့အရေး တို့အရေး လုပ်တော့၊ မှတ်မှတ်ရရဆို ကျနော် Toilet သွားတဲ့အချိန် သေနတ်နဲ့ချိန်တဲ့ ခံစားချက် ခံစားဖူးလား။ ဘာဖြစ်လို့ ဖြစ်လဲဆိုတော့ ကျနော် သီချင်းဆိုလို့။ ကျနော့်တအိမ်လုံး ဝင်စီးခံရတာ၊ ကျနော့်အစ်ကိုကို ဝင်စီးတာပေါ့။ သူက CDM လုပ်တော့ ဝင်စီးတဲ့အချိန်မှာ ကိုယ်ကလည်း အေးဆေး တိတ်တိတ်ဆိတ်ဆိတ်နေရင် ရတယ်လေ၊ မဟုတ်ဘူး၊ ကျနော်ကလည်း Toilet သွားရင်းနဲ့ သီချင်းဆိုတော့ မင်း ဘယ်သူလဲ၊ ဘာလဲ ဆိုပြီး၊ အဲ့သီချင်း သွားသွင်းမယ့်အချိန် မှတ်မှတ်ရရ။ အဲ့သီချင်းနဲ့ ပတ်သက်ပြီး ပြောချင်တာ၊ မင်းဘယ်သူလဲဆိုပြီး တံခါးဆွဲဖွင့်လိုက်တော့ သေနတ်ကြီးနဲ့ ချိန်ခံရတာပေါ့။ အဲတော့ ကျနော် မဟုတ်ပါဘူးပေါ့၊ မှတ်မှတ်ရရ လွတ်သွားတဲ့အချိန်တခုရှိတယ်။ ပြီးတော့ သီချင်းသွင်းတဲ့အချိန်မှာ ဒုန်း ဒိုင်း အုန်း ဂွမ်းဆိုပြီး စစ်ဖြစ်တော့ ကျနော်တို့ ထွက်ပြေးတယ်။ နောက်ထပ် ဖယ်ခုံဆိုတဲ့နေရာမှာ သွင်းတယ်၊ အဆင်မပြေဘူး။ နောက်ထပ် တနေရာ ကျနော် ထပ်ရွှေ့ရတယ်။ အဲ့နေရာက လုံးဝ ခက်ခဲတဲ့နေရာ၊ နေရာတော့ ကျနော် မပြောတော့ဘူးပေါ့။ အဲဒီနေရာမှာ ကျနော် သီချင်း သွားသွင်းတယ်။ အဲဒီသီချင်း သွားသွင်းတဲ့အချိန်မှာလည်း ကျနော် ဆိုင်ကယ် အက်စီးဒင့် ဖြစ်သွားသေးတယ်။ အက်စီးဒင့် ဖြစ်တဲ့နေရာက နှုတ်ခမ်းမှာ၊ ဒီနှုတ်ခမ်းမှာ ၇ ချက်လောက် ချုပ်ရတယ်။ အဲဒီသီချင်း ထွက်ဖို့အရေးကို ကျနော် စတူဒီယို ၃ ခုလောက် လုပ်ရတယ်။ နှုတ်ခမ်း သက်သာပြီးမှ၊ အဲဒီသီချင်းသွင်းတဲ့အချိန်မှာ ထုံဆေးနဲ့ ချုပ်ရိုးက နာနေသေးတယ်လေ။ ဆိုတော့ အဲဒီအချိန်မှာ ဒီသီချင်းကို တော်တော် စိတ်နာနာနဲ့ပေါ့၊ ကိုယ့်ရဲ့ ဘဝမှတ်တိုင် တကယ် ခက်ခဲခဲ့တဲ့အချိန်ဖြစ်တယ်၊ မုဒ် အရမ်း ရသွားတာပေါ့။ ရိုက်တဲ့နေရာကလည်း ကျနော်တို့ ကရင်နီမှာရှိတဲ့ တကယ့် ခက်ခဲကြမ်းတမ်းတဲ့ နေရာမှာ ရိုက်ခဲ့ရတယ်။ လွယ်လွယ်လေးနဲ့ ဖြစ်လာခဲ့တဲ့ သီချင်းတပုဒ်တော့ မဟုတ်ဘူး၊ ကျနော် ၅ နှစ်လောက် အချိန်ယူလိုက်ရတယ်၊ ဒီသီချင်းကို။”

စစ်အစိုးရ လက်အောက်မှာ လွတ်လပ်တဲ့ အနုပညာကို လုပ်ခွင့်မရတဲ့အတွက် စစ်အစိုးရ လက်အောက်မှာ မနေဘဲ လွတ်လွတ်လပ်လပ် ရပ်တည်ဖို့ ကြိုးစားနေတဲ့ အနုပညာရှင် တယောက်ရဲ့ အခက်အခဲကိုလည်း ကရင်နီအဆိုတော် ခူးထဲဖဲက အခုလိုပြောပါတယ်။

“အခက်အခဲတွေ ဘယ်လိုရှိလဲဆိုတော့ ကျနော်တို့တွေ ငယ်ငယ်ကတည်းက စစ်အစိုးရ လက်အောက်မှာ ကိုယ်ပိုင်အရည်အချင်း ရှိခဲ့ရင်တောင်မှ၊ State ကျောင်း အကြောင်းပြောရင်တောင်မှ သူတို့ရဲ့ စစ်တပ်သားသမီးတွေကိုပဲ နေရာပေးတာ၊ ကျနော်တို့ တိုင်းရင်းသားတွေ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲဖြစ်ဖြစ် သူတို့စစ်တပ်က လူတွေပဲ ရွေးပြီးတော့မှ လုပ်ခိုင်းတယ်၊ ပြိုင်ခိုင်းတယ်။ ဒါ ကျနော်ငယ်ငယ်ကတည်းက ကျနော်ရတဲ့ စိတ်ဒဏ်ရာပေါ့လေ။ ကိုယ် ပန်းချီဘယ်လောက်ပဲတော်တော်၊ ဘာပဲလုပ်လုပ်၊ ကျနော့်အစ်မလည်း အဲ့လိုပဲ၊ ဘယ်လောက်ပဲ ဆိုကရေးတီး တော်တော်၊ သီချင်းဆိုတာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ပထမဆု ဘယ်လောက်ပဲရရ၊ သူတို့အတွက်ကတော့ ဒါက ဆုပေးလိုက်မယ်၊ အရင်တုန်းကဆိုရင် ကြွေပြားပန်းကန်လား၊ စတီးပန်းကန်လား ရော့ အင့် ပေးလိုက်မယ်၊ ပြီးတော့ တိုင်းနဲ့ ပြည်နယ် အဆင့်ကျရင် သူတို့ဘာသာ သူတို့လူထည့်သွားတာတွေပေါ့၊ အများကြီးပဲ ကြုံတွေ့ခဲ့ရတာ။ အဲဒီအချိန်ကတည်းက ကျနော်တို့တွေက ခွဲခြားဆက်ဆံခံရတယ်၊ ဖိနှိပ်ခံရတယ်၊ ဆိုတော့ အချင်းချင်း ဘယ်လိုလုပ်ရလဲဆိုတော့ ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့ ဆိုရိုးလိုပေါ့၊ ကျနော်တို့တွေ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလ ချပြခွင့်ရခဲ့တဲ့အချိန်မှာ ကျနော်တို့ အကောင်းဆုံး ချပြခွင့်ရခဲ့တယ်။ Perfect တော့ မဖြစ်ခဲ့ဘူး၊ ကိုယ်တွေရဲ့ လေ့လာမှုအားနဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံနဲ့က နုသေးတဲ့ပုံစံပေါ့။ ဒါပေမဲ့လည်း ကျနော်တို့ တယောက်နဲ့တယောက် အနုပညာရှင်တွေ တွေ့တဲ့အချိန်မှာ၊ အနုပညာရှင်လို့ မပြောဘဲနဲ့ ဝါသနာရှင်ပေါ့၊ ဝါသနာရှင်တွေနဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ ဘယ်လို ဆက်လုပ်ကြမလဲ၊ သီချင်းဆိုလည်း သီချင်းမို့၊ ဂီတ အနုပညာ တီးတဲ့သူ ဆိုလည်း တီးတဲ့သူမို့ ရိုင်းပင်းကူညီကြတယ်။ အခု ကျနော်တို့ ဒီဘက်မှာ စစ်ကောင်စီလက်အောက်မှာ မနေချင်လို့ ဒီဘက် ရောက်ရှိလာပေမဲ့လည်း သူများနိုင်ငံ ဖြစ်တဲ့အတွက် ခက်ခဲတယ်၊ တစ်ကနေ ပြန်စရတယ်။ လက်ရှိ ကျနော်က ဘယ်လိုလုပ်နေလဲ ဆိုတော့ ရန်ပုံငွေနဲ့ပတ်သက်ပြီး ကျနော်တို့တွေက အနုပညာလက်နက် ဆိုတဲ့အတိုင်းပေါ့၊ အနုပညာလက်နက်ကလည်း မသေးပါဘူး ဆိုတဲ့အတိုင်းပေါ့၊ တယောက်နဲ့တယောက် သူက ဘာတီးတတ်လဲ၊ သူက ဘာဆိုတတ်လဲ၊ သူက ဘာလုပ်တတ်လဲ၊ အဲဒါကို ကျနော်တို့ ပေါင်းစပ်ပြီးတော့ ချပြတယ်။ လွတ်လွတ်လပ်လပ် ချပြလို့ရတဲ့ အသိုင်းအဝန်းတခု ဖော်ဆောင်ပြီးတော့ ကျနော်တို့ ချပြထားတဲ့အရာဖြစ်တယ်။ အခုချိန်မှာ သေချာတခုက အရမ်းလိုအပ်နေတာကတော့ အများကြီးရှိတဲ့အထဲက စိတ်ဓာတ်ခွန်အား အရမ်းလိုအပ်တယ်။ အဲဒီ စိတ်ဓာတ်ခွန်အားရှိမှ ကျနော်တို့ ဖြစ်နေတဲ့ အရည်အချင်း၊ ဖြစ်နေတဲ့ ကျနော်တို့ အနုပညာကို ဆက်လုပ်နိုင်မှာ။ အဲဒီ စိတ်ဓာတ်ခွန်အားသာ သေသွားပြီဆိုရင် ဘယ်လောက်ပဲ တော်တဲ့လူ ဖြစ်နေပါစေ၊ ဘဝကို အရှုံးပေးကြမှာပဲလေ။”

အပြည့်အစုံကြည့်ရှုရန် (အပိုင်း ၂)

(အပိုင်း ၁) ကြည့်ရှုရန် https://www.youtube.com/watch?v=A6cj-gydYB4

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013